မိန်းကလေးတွေမှ အလှအပကြိုက်ကြတာမဟုတ်ပါဘူးနော်။ အမျိုးသားတွေလည်း ကိုယ့်ရဲ့မျက်နှာအသားအရေလေးကို သေချာထိန်းသိမ်းပြီးတော့ နုပျိုလှပချင်ကြတာပါပဲ။ ဒီလိုမျိုး အလှအပကြိုက်ပြီး အသားအရေကို အမြဲထိန်းသိမ်းတတ်တဲ့ ကွီးတို့အတွက် သဘာဝကပေးတဲ့ သစ်သီးဝလံတွေကို အသုံးပြုပြီး အိမ်မှာကိုယ်တိုင် ပေါင်းတင်ကြည့်လိုက်ရအောင်ပါ။

သဘာဝကပေးစွမ်းတဲ့ လက်ဆောင်မွန်တွေဖြစ်တာကြောင့် ဓာတုဆေးဝါးတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေလို ဘေးထွက်ဆိုးကျိုးရှိမှာ စိတ်ပူစရာမလိုပါဘူး။ ဒါ့အပြင် အခုပြောပြပေးမယ့် ပေါင်းတင်နည်းလေးတွေက လွယ်ကူရိုးရှင်းတဲ့အပြင် လူအများကြားထဲမှာ ရှင်းပြီး ကြည်လင်တဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်စေအုံးမှာမို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အခုပဲဖတ်ကြည့်လိုက်ရအောင်နော်။

ငှက်ပျောသီး

Source: Urban Company

အဆီပြန်သူတွေအတွက် ငှက်ပျောသီးက အကောင်းဆုံး ပေါင်းတင်နည်းပါပဲ။ ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်တာဟာ မျက်နှာပေါ်က ဆဲလ်သေတွေ နဲ့ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ငှက်ပျောသီးမှည့်တစ်လုံး ၊ ပျားရည်တစ်ဇွန်း နဲ့ သံပုရာရည်တစ်ဇွန်းတို့ကို သမအောင်ရောမွှေပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းတွေမှာ လိမ်းပြီး ခြောက်သွေ့တဲ့အထိထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးလိုက်လို့ရပါပြီ။

ပန်းသီး

Source: Yates

သာမန်အသားအရေပိုင်ရှင်တွေကတော့ ပန်းသီးနဲ့အဆင်ပြေပါတယ်။ အသားအရေအတွက် လိုအပ်တဲ့အာဟာရနဲ့ အစိုဓာတ်ဖြည့်တင်းဖို့ဆိုရင် ပန်းသီးလေးနဲ့ မျက်နှာကို ပေါင်းတင်ပါ။ ပန်းသီးတစ်လုံး နို့ ၄ဇွန်းနဲ့ သကြားတစ်ဇွန်းတို့ကို ကြိတ်ချေပြီး မျက်နှာမှာ အနည်းဆုံး ၁၅ မိနစ်ခန့် လိမ်းထားပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

သဘောၤသီး

Source: Webjazba

သဘောၤသီးကတော့ ခြောက်သွေ့အသားအရေပိုင်ရှင်တွေအတွက်ပါ။ သဘောၤသီးတခြမ်း ၊ သကြားညို တစ်ဇွန်းနဲ့ အုတ်ဂျုံအနည်းငယ်ကို ရောမွှေပြီး မျက်နှာပေါ် စက်ဝိုင်းသဏ္ဍာန် နှိပ်နယ်ရင်း လိမ်းပါ။ ပြီးရင်တော့ ခြောက်သွေ့သွားပြီဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်လို့ရပါပြီ။ ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး သန့်စင်အေးမြတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေက အရမ်းကို လွယ်ကူရိုးရှင်းတယ်နော်။ ဒီတော့ အိမ်မှာ ဘယ်သူမှမသိအောင် တိတ်တိတ်ကလေး လုပ်ပြီး ခန့်ညားရှင်းကြည်နေတဲ့ ရုပ်ရည်နဲ့ လူအများကြားထဲမှာ ဝံ့ကြွားနိုင်ပါပြီ။