လူတစ်ယောက်မှာ ကိုယ်နေဟန်ထားမှန်ကန်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ နောက်ကျောကြွက်သားများနှင့် လည်ပင်းနာကျင်ကိုက်ခဲခြင်းပြဿနာတွေက ကိုယ်နေဟန်ထားမှားယွင်းနေခြင်းကနေ ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသားရောအမျိုးသမီးတွေပါပြုလုပ်နိုင်ပြီး ငွေကုန်ကြေးကျသက်သာစွာနဲ့ အိမ်မှာတင်လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ ကိုယ်နေဟန်ထား တိုးတက်ကောင်းမွန်စေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

အရင်ဆုံး ခန္ဓာကိုယ်ကို ဖြောင့်မတ်အောင်နေပါ။ ခြေထောက်ကိုအနေတော်အကွာအဝေးခြားပြီး မတ်တပ်ရပ်ကာ ပုံစံယူပါ။ ထို့နောက် ရင်ဘက်ကိုဖွင့်ပြီးလက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်လိုက်ပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ဆန့်ကျင်ဘက်လားရာသို့လွဲပြီး လက်တစ်ချောင်းနဲ့တစ်ချောင်း ထပ်သည်အထိ လွဲပေးရပါမယ်။ သင့်ရဲ့ပခုံးကြွက်သားများလှုပ်ရှားနေသည်ကိုခံစားရမှာဖြစ်ပြီး ထိုနည်းအတိုင်း ၁ မိနစ်ခန့် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

အရင်ဆုံး မတ်တပ်ရပ်အနေအထားပုံစံယူပါ။ ထို့နောက်ဒူးကိုအနည်းငယ်ကွေးညွတ်ပြီး ခါးကိုလည်းရှေ့သို့အနည်းငယ်ကိုင်းချပေးပါ။ ခေါင်းကိုကြမ်းပြင်ကို မျက်နှာမူထားပြီး ခေါင်းအရမ်းငုံမမေ့နေစေဖို့သတိပြုပါ။ ပုံမှာမြင်ရတဲ့အတိုင်း လက်နှစ်ဖက်ကိုကွေးပြီး ရင်ဘက်အရှေ့မှာထားပါ။ထို့နောက်တံတောင်ဆစ်နေရာကနေ လက်ကိုဘေးဘက်သို့ကားထုတ်ပေးရပါမယ်။ ထိုနည်းအတိုင်း ၁ မိနစ်ခန့်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

အရင်ဆုံး Squat ထိုင်သည့်ပုံစံအတိုင်း အလွယ်ပြောရရင်ဆောင့်ကြောင့်ထိုင်သည့် ပုံစံအတိုင်း ပုံစံယူပြီး လက်နှစ်ဖက်ကို ဆန့်ကျင်ဘက်ခြေထောက်တွေစီသို့ထိထားပေးပါ။ ထို့နောက် ဘယ်ဘက်လက်ကို အပေါ်သို့မြောက်တင်ပေးပြီး ခန္ဓာကိုယ်နှင့် ဦးခေါင်းကိုလည်း လိုက်စောင်းပေးပါ။ ပြီးရင် လက်ပြန်ချပြီး ညာဘက်လက်ကိုထိုနည်းအတိုင်းပြုလုပ်ပါ။ ထိုသို့ဘယ်ညာတစ်လှည့်စီပြောင်းပြီး ၁ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်းကတော့ ကွန်ပြူတာအရှေ့မှာထိုင်နေရင်းတောင်ပြုလုပ်လို့ရပါမယ်။ အရင်ဆုံးထိုင်ခုံပေါ်မှာ ထိုင်ပြီးခါးကိုမတ်ထားပေးပါ။ ထို့နောက်သင့်ရဲ့လက်ကို တံတောင်ဆစ်နေရာကနေ ကွေးပြီးဦးခေါင်းနောက်မှာကပ်ထားပါ။ ပြီးရင်တော့ နောက်ကျောအပေါ်ဘက်ကြွက်သားတွေကို နောက်သို့အနည်းငယ်ဆန့်ထုတ်ပေးပါ။ ဆန့်ထုတ်ပြီး ၃ စက္ကန့်လောက်ငြိမ်နေပေးရပါမယ်။ ထို့နည်းအတိုင်း ၁ မိနစ်ခန့်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၅)

အရင်ဆုံးကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး ပုံစံယူပေးပါ။ လက်နှစ်ဖက်ကို ရှေ့သို့အနည်းငယ်ဆန့်ထုတ်ပြီးခေါင်းအုံးပေါ်သို့တင်ထားပေးရပါတယ်။ ထို့နောက် ကျောကုန်းကို အပေါ်သို့အနည်းငယ်ကွေး၍ကုန်းပြီး အသက်ရှုသွင်းလိုက်ပါ။ ပြီးရင်အသက်ပြန်ရှုထုတ်ပြီး ခါးကိုပြန်ညွတ်ချကာ ရင်ကိုကြမ်းပြင်နားထိကပ်ပေးရပါမယ်။ ထိုနည်းအတိုင်း ၁ မိနစ်ခန့်ပြုလုပ်ပေးပါ။