Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs ဆိုတာကတော့ နည်းပညာနယ်ပယ်မှာ မသိတဲ့သူမရှိအောင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ပြီး မေးခွန်းတိုင်းအတွက် အဖြေရှိတယ်လို့ ပြောရလောက်တဲ့အထိ တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းသူတစ်ယောက် ဖြစ်ပါတယ်။ သို့သော် သာမာန်လူတစ်ယောက်မပြောနဲ့ Steve Jobs လိုလူတောင် တစ်ခါတစ်ရံမှာ တီထွင်ဖန်တီးမှု ၊ ဉာဏ်ကွန့်မြူးမှုတွေ ကျဆင်းတဲ့အခိုက်အတန့်မျိုး ကြုံတွေ့ရတက်ပါတယ်။ ဒီလိုအချိန်မှာ သူရဲ့ ဖန်တီးနိုင်စွမ်းတွေကို ပြန်လည်နှိုးဆွဖို့ အတွက် အသုံးပြုတဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်တချို့ရှိပါတယ်။ Steve Jobs တစ်ယောက်ဘယ်လိုအလေ့အကျင့်တွေ ကျင့်သုံးပြီး သူရဲ့ ဖန်တီးနိုင်စွမ်းတွေ ပြန်လည် မြှင့်တင်ခဲ့လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) လမ်းလျှောက်ရင်း စဉ်းစားတယ်

Photo : Medium

Steve Jobs အနေနဲ့ စိတ်ရဲ့ ရှုပ်ထွေးမှုတွေကို ဖြေလျော့ပြီး တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်ကောင်းမွန်စေဖို့ လမ်းလျှောက်ခြင်းရဲ့ စွမ်းအားကို မကြာခဏသုံးလေ့ရှိတယ်လို့ သိရပါတယ်။ ထုတ်ကုန်အသစ်များအတွက် စဉ်းစားရာမှာ သူရဲ့ Team နဲ့အတူ “walking meetings”များကိုပင်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Stanford ရဲ့ သုတေသနပြုချက်များအရလည်း လမ်းလျှောက်ခြင်းက တီထွင်ဖန်တီးနိုင်စွမ်းကို ၆၀ % အထိအံ့ဩစရာကောင်းလောက်အောင် တိုးမြင့်ပေးနိုင်တယ်လို့ အတည်ပြုပေးထားပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအဆင်မပြေချိန် ဒါမှမဟုတ် တီထွင်ဖန်တီးနိုင်စွမ်းတွေမြင့်တင်ဖို့လိုအပ်လာချိန်မှာ Steve Jobs ကျင့်သုံးတဲ့ လမ်းလျောက်ခြင်းနည်းလမ်းကို အသုံးပြုကြည့်ဖို့ အကြံပြုလိုပါတယ်။

(၂) တရားထိုင်တယ်


Photo : Freepik

Steve Jobs ဟာ တရားထိုင်ခြင်းကို အလွန်နှစ်သက်ကြောင်း ဝန်ခံခဲ့ဖူးပါတယ်။ Jobs အနေနဲ့ ၇၀ ခုနှစ်တွေက စတင်ပြီး ကောလိပ်မှထွက်ကာ အိန္ဒိယသို့ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမှာ တရားထိုင်ခြင်းရဲ့ စွမ်းအားတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူ့ရဲ့အတ္ထုပ္ပတ္တိစာအုပ်မှာ ရေးသားထားပါတယ်။ Jobs ဟာ တရားထိုင်ခြင်းအလေ့အကျင့်ကနေတဆင့် သူရဲ့အကျော်ကြားဆုံး Apple ထုတ်ကုန်များရဲ့ ဒီဇိုင်းများကို ဖန်တီးရာမှာ များစွာအထောက်အကူဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ တရားထိုင်ခြင်းက အချိန်ယူရပေမယ့် သင့်ဘဝကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်ပါတယ် လို့ Jobs က လမ်းညွှန်းထားပါတယ်။

(၃) မတူညီတဲ့ စိတ်ဝင်စားမှုတွေကို ရှာဖွေတယ်

Photo : The Jakarta Post

Jobs ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ မသက်ဆိုင်ဘူးလို့ထင်ရတဲ့ သင်တန်းများစွာတက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ လုပ်ရိုးလုပ်စဉ်အရာတွေထဲက ရုန်းထွက်ပြီး အသစ်သစ်သောအရာတွေကို ရှာဖွေလေ့လာဖို့ စိတ်အားထက်သန်သူတစ်ယောက်ပါ။ Steve Jobs က “တီထွင်ဖန်တီးမှုဟာ အရာအားလုံးများကို ချိတ်ဆက်ခြင်းသာဖြစ်တယ်” လို့ဆိုပါတယ်။ လက်ရှိ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ထားတဲ့အရာတွေကိုလေ့လာထားခြင်းက တချိန်မှာ ကောင်းမွန်တဲ့အထောက်အပံ့တွေရစေသလို တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း တိုးတက်စေတယ်လို့  Jobs ကပြောခဲ့ဖူးပါတယ်။

Featured Photo : Entrepreneur