“ချစ်စေလို ခံတွင်းလက်လေးသစ် ၊ မုန်းစေလိုလည်း ခံတွင်းလက်လေးသစ်” ဆိုတဲ့ စကားရှိပါတယ်။ လူတွေနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဖြစ်ဖို့အတွက် စကားလုံးတွေနဲ့ တံတားခင်းရပါတယ်။ ဒါကြောင့်ပဲ သူစိမ်းတွေနဲ့ အဆင်ပြေပြေ စကားပြောနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။

(၁) အပြုံးနဲ့ နှုတ်ဆက်ပါ

Photo: Freepik

ကိုယ်ကစပြီး ရွှင်ရွှင်ပျပျနှုတ်ဆက်တတ်ခြင်းဟာ လူချစ်ဆေး ဆောင်ထားတာပဲ ဖြစ်ပါတယ်။ မျက်နှာသိပဲ ဖြစ်ဖြစ် သူစိမ်းပဲ ဖြစ်ဖြစ် ဖော်ရွေစွာနဲ့ ဆက်ဆံတတ်သူကို လူတွေ သဘောကျကြပါတယ်။ အပြုံးနဲ့ နှုတ်ဆက်ကြည့်လိုက်ပါ။

(၂) သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖော်ထုတ်ပါ

Photo: Freepik

ဘယ်သူမဆို ကိုယ်စီကိုယ်စီ ဝါသနာလေးတွေ ရှိကြတာပါပဲ။ ဝါသနာတူချင်းဆိုရင်လည်း မိတ်ဆွေဖြစ်ဖို့ ပိုလွယ်တတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ရဲ့ အကြိုက် ဝါသနာနဲ့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အခွင့်သာရင် စုံစမ်းမေးမြန်းပြီး စကားဝိုင်း စတင်ကြည့်သင့်ပါတယ်။

(၃) ချီးကျူးတတ်ပါစေ

Photo: Freepik

မြှောက်ပင့်တာမျိုးကို လူတိုင်း မုန်းကြပါတယ်။ ဒါပေမဲ့လည်း ချီးကျူးထိုက်တဲ့လုပ်ရပ်နဲ့ စရိုက်လေးတွေကို အသိအမှတ်ပြုပေးသူကိုတော့ ဘယ်သူမဆို ချစ်ခင်တဲ့ သဘောရှိပါတယ်။

(၄) ဦးစားပေးတတ်ပါစေ

Photo: Freepik

တစ်ဖက်သားကို ဦးစားပေးတတ်ခြင်းဟာ အရေးပါတဲ့ လူမှုဆက်ဆံရေးသဘောတရားတစ်ခု ဖြစ်ပါတယ်။ စကားပြောဆိုရာမှာ ဖြစ်ဖြစ် လုပ်ကိုင်ပြုမူရာမှာပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ အမြင်ကို နားထောင်တတ်ခြင်း ၊ သဘောထားအမြင် တောင်းခံတတ်ခြင်းနဲ့ ထိုက်သင့်သလို နေရာပေးခြင်းမျိုး လုပ်တတ်သူကို ဘယ်သူမဆို နှစ်လိုကြမှာပါပဲ။