ခန္ဓာကိုယ်က ချွေးနံ့ဆိုးတွေကြောင့် လူကြားထဲသွားတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေပြီလား။ ချွေးက ယေဘုယျအားဖြင့်တော့ အနံ့မရှိပေမယ့် ချွေးနဲ့ အရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေဓာတ်ပြုပြီး မနှစ်မြို့ဖွယ်ရာအနံ့ဆိုးတွေထွက်လာစေတာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချွေးနံ့ဆိုးတွေကို ဘယ်လို သက်သာအောင်ပြုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဘက်တီးရီးယားဆန့်ကျင်သောဆပ်ပြာသုံးပါ

Source : Learning Registry

ချွေးနံ့ဆိုးတွေကို ကာကွယ်ဖို့အတွက်ဆိုရင် ရေချိုးတဲ့အခါ ဘက်တီးရီးယားဆန့်ကျင်သောဆပ်ပြာ (Antibacterial Soap) အမျိုးအစားကိုသုံးပေးသင့်ပါတယ်။ ချိုင်းကြား ခြေထောက်များကဲ့သို့ ချွေးထွက်များသောနေရာတွေကို သေချာဆပ်ပြာဖြင့်ပွတ်တိုက်ပြီးရေချိုးပါ။ ဘက်တီးရီးယားတွေသန့်စင်ပြီး ချွေးနံ့ဆိုးတွေသက်သာသွားပါလိမ့်မယ်။

(၂) အစားအသောက်ရွေးချယ်ပါ

Source : FirstCry Parenting

တချို့သောအစားအရာတွေက ခန္ဓာကိုယ်အနံ့ဆိုးတွေဖြစ်စေဖို့ တွန်းအားဖြစ်စေပါတယ်။ ဥပမာအားဖြင့် ကြက်သွန်နီနှင့်ကြက်သွန်ဖြူ ကဲ့သို့အစားအစာတွေဟာ ချွေးပေါက်တွေကနေတဆင့် အနံ့ဆိုးတွေကိုထွက်ပေါ်လာစေပါတယ်။ ပြီးတော့ ကဖိန်းဓာတ်နှင့်အဖျော်ယမကာတွေက သင့်ကိုပိုမိုချွေးထွက်စေပြီး အနံ့ဆိုးတွေထွက်လာစေဖို့ ရာခိုင်နှုန်းပိုများစေပါတယ်။ ဒါကြောင့် သင်ဟာချွေးနံ့ဆိုးထွက်သူတစ်ယောက်ဆိုရင် ဒီလိုအစားအသောက်တွေကို အတက်နိုင်ဆုံးရှောင်ကျဉ်ပါ။

(၃) လေဝင်လေထွက်ကောင်းတဲ့အဝတ်အစားမျိုးဝတ်ဆင်ပါ

Source : 123RF.com

နေ့စဉ်ဝတ်ဆင်နေတဲ့အဝတ်အစားတွေကလည်း ချွေးနံ့ဆိုးထွက်ခြင်းအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့်ချွေးထွက်များသူတွေအနေနဲ့တော့ ချည်သား ဝါဂွမ်းကဲ့သို့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုးတွေကိုသာရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ မနက်ကဝတ်ထားတဲ့ အဝတ်အစားတွေကိုညနေအိမ်ပြန်ရောက်တာနဲ့ သေချာလေးလျော်ဖွတ်ပေးဖို့လိုအပ်ပါတယ်။ဒါမှလည်း အဝတ်အစားတွေမှာ ချွေးနံ့တွေစွဲမနေစေမှာဖြစ်ပါတယ်။

(၄) တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ

Source : Hashtag Quiz

ခန္ဓာကိုယ်အနံ့အသက်ဆိုးတွေကိုကာကွယ်ဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းရေးက အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်နေတိုင်းရေချိုးပေးပါ။ ရေချိုးတဲ့အခါ ချိုင်းကြား ပေါင်းကြားကဲ့သို့ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တဲ့နေရာတွေကို သေချာသန့်စင်ပေးပါ။ အတွင်းခံဘောင်းဘီ ခြေအိတ်တွေကိုလည်း ပုံမှန်လျော်ဖွတ်သန့်စင်ပါ။ ချွေးထွက်ခြင်း ချွေးနံ့ဆိုးထွက်ခြင်းတွေကို ကာကွယ်နိုင်ဖို့ Antiperspirants သို့မဟုတ် Deodorants ကဲ့သို့ချွေးနံ့သက်သာစေတဲ့ဆေးတွေသုံးပေးနိုင်ပါတယ်။လိုအပ်ရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။