စိတ်ဖိစီးမှုဆိုတာ အရပ်မျက်နှာပေါင်းစုံက လာနိုင်စွမ်းရှိပါတယ်။ အခုခေတ်လို လူမှုဒုက္ခတွေ ၊ ရောဂါဘယနဲ့ အလျင်မမှီလောက်အောင် ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ စိတ်ဖီစီးမှုဆိုတာ လူတိုင်းနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်လာပါတယ်။ စိတ်ဖိစီးမှုပုံစံတွေထဲမှာ လုပ်ငန်းခွင်မှာ ကြုံတဲ့စိတ်ဖိစီးမှုက အဖြစ်အများဆုံးနဲ့ ဒုက္ခအပေးဆုံးဖြစ်လို့ အလုပ်မှာ စိတ်ဖိစီးမှုကြုံလာတဲ့အခါ ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် အကြံပြုချက်လေးတွေ ပေးချင်ပါတယ်။

(၁) မနက်ခင်းကို အမှားအယွင်းမရှိ စတင်လိုက်ပါ

Morning Exercise

Photo: Unsplash

လူ‌တော်တော်များများဟာ အလုပ်ကို မလာခင်ကတည်းက စိတ်ထဲမှာ ဖိစီးမှုဝင်ပြီးသား ဖြစ်လေ့ရှိပါတယ်။ အိပ်ရာထ နောက်ကျလို့ အလျင်စလို ပြင်ဆင်ပြီး အလုပ်ကို လာတယ်။ မနက်စာတောင် မစားခဲ့ရလို့ ဆာလည်းဆာ စိတ်လည်း တိုလာမယ်။ ဒီကြားထဲ ကိုယ်စီးလာတဲ့ကားက ယာဉ်ကြောကျပ်နေတာနဲ့ကြုံနေမယ်ဆိုရင် အလုပ်ရောက်တဲ့အခါ Stress က ဝင်နှင့်ပြီး ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် အလုပ်မှာ စိတ်ဖိစီးမှု မဖြစ်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် အကြောလေးဘာလေးလျှော့ ၊ စာအုပ်လေးဘာလေးဖတ်ပါ။ မနက်ဖက် အိပ်ရာက နိုးရင် လုပ်ရမယ့် Lists ကို ချရေးထားပါ။ မနက်စောစော အိပ်ရာက နိုးတာနဲ့ အာဟာရပြည့်အောင်စား ၊ လေ့ကျင့်ခန်းလေး လုပ် ၊ တရားလေးဘာလေးထိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ချထားပါ။ ပြီးမှ အလုပ်သွားပါ။

(၂) လုပ်စရာတွေ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ထားပါ

To Do List

Photo: Unsplash

ကိုယ့်အလုပ်တာဝန်တွေကို ရှင်းရှင်းလင်းလင်းသိထားတာကလည်း အလုပ်ခွင်စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ လုပ်စရာရှိတာတွေကို အစဉ်အတိုင်း လုပ်သွားရင်းနဲ့ အလုပ်တာဝန်တွေ ပေါ့သွားလေလေ စိတ်ဖိစီးမှုလည်း လျော့သွားလေလေပါပဲ။ လုပ်ရမယ့်ကိစ္စတွေကိုလည်း အများကြီးကို တပြိုင်တည်းလုပ်တာထက် တစ်ခုပြီးမှ တစ်ခု ဖြေရှင်းသွားတာက စိတ်ကို ပိုစူးစိုက်မှုရှိစေသလို လုပ်ငန်းခွင်စိတ်ဖိစီးမှုနည်းသွားပါလိမ့်မယ်။

(၃) အစီအစဉ်တကျ ရှိပါစေ

work desk

Photo: Unsplash

Planning ရှိထားရင် တော်ရုံစိတ်ရှုပ်စရာတွေက အလိုလို ဖြေရှင်းပြီး ဖြစ်သွားတတ်ပါတယ်။ လုပ်ငန်းခွင်အစီအစဉ်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်နေ့တာလုပ်စရာကိစ္စတွေကိုပဲ ဖြစ်ဖြစ် အစီအစဉ်တကျ လုပ်တတ်တဲ့သူအဖို့ တချို့လူတွေ ကြုံနေကျ စိတ်ဖိစီးမှုတွေ ဖြစ်မှာ မဟုတ်ပါဘူး။ Organized ဖြစ်ဖို့ဆို လူလည်း အစီအစဉ်တကျရှိဖို့ လိုသလို စိတ်ကိုလည်း စည်းကမ်းတကျဖြစ်အောင် လေ့ကျင့်ထားဖို့ လိုမှာပါ။ ဒါကြောင့်ပဲ စိတ်ဖိစီးသူတွေအတွက် အသက်ရှုလေ့ကျင့်ခန်းတွေ ပေးကြတာ ဖြစ်ပါတယ်။

(၄) သီချင်းနားထောင်ပါ

Listening Music

Photo: Unsplash

စိတ်ဖိစီးလာရင် အလုပ်လုပ်လက်စကို ရပ် နားကြပ်လေးတပ်ပြီး လမ်းလျှောက်ရင်း သီချင်းကောင်းလေးတွေ နားထောင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ နိုးကြားတက်ကြွစေမယ့် တေးသီချင်းတွေ နားထောင်တာက စိတ်ခွန်အားလည်း ရစေသလို စိတ်ကြည်လင်ရွှင်လန်းမှုပါ တိုးတက်စေလို့ ဖြစ်ပါတယ်။

(၅) အနားယူပါ

Man Laying down in the forest

Photo: Unsplash

အလုပ်အားရက်တွေမှာ အလုပ်ကိစ္စကို လုံးဝ တို့,မကြည့်ဖို့ အကြံပေးချင်ပါတယ်။ အလုပ်စွဲသူတွေ Workaholic သမားတွေဟာ စိတ်ဖိစီးမှုအများဆုံးလူ‌တွေ ဖြစ်တတ်ပါတယ်။ သူတို့ရဲ့ အလုပ်ထဲမှာ ခေါင်းနှစ်လွန်းလို့ မိသားစုနဲ့ဆက်ဆံရေး ၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးအပြင် ကိုယ့်ရဲ့ စိတ်ချမ်းမြေ့ကြည်လင်ရေးပါ ထိခိုက်မှုရှိပါတယ်။ အရေးကြီးတာက လူရောစိတ်ပါ ကောင်းကောင်း အနားယူတတ်ဖို့ ဖြစ်ပါတယ်။ ပြည့်ပြည့်ဝဝအနားယူလိုက်ခြင်းအားဖြင့် လုပ်ငန်းခွင်စိတ်ဖိစီးမှုကိုလည်း အထိုက်အလျောက်သက်သာအောင် ကုစားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : VeryWellMind