ခန္ဓာကိုယ်ဟာ စိတ်ရဲ့ စေခိုင်းမှုအတိုင်း လိုက်နာကြတာ ဖြစ်ပါတယ်။ သင့်ရဲ့ စိတ်စွမ်းအား ထက်မြက်သလောက် သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက အထက်ရောက်ပါလိမ့်မယ်။ စိတ်စွမ်းအားဟာ ကြွက်သားတွေလိုပဲ ကြီးထွားကြံ့ခိုင်လာအောင် တည်ဆောက်လို့ ရပါတယ်။
“ခွန်အားဆိုတာ ရုပ်ပိုင်းစွမ်းရည်ကနေ လာတာ မဟုတ်ပါဘူး။ ချိုးနှိမ်လို့ မရတဲ့ စိတ်ဆန္ဒတစ်ခုကနေ ထွက်ပေါ်လာတာပါ” လို့ မဟတ္တမဂန္ဓီက ပြောခဲ့ဖူးပါတယ်။ သင့်ရဲ့ စိတ်စွမ်းအား Willpower ကို ငုံ့လျှိုးနေရာကနေ အစဆွဲထုတ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
(၁) တရားထိုင်ပါ
Photo: Medical News Today
Willpower နည်းခြင်းဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု Self-Control နည်းလို့ ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ အတ္တရဲ့ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ လိုချင်တပ်မက်မှုတွေကို ခံနိုင်ရည်ရှိစေပြီး အာရုံစူးစိုက်မှု မြင့်ကာ စိတ်တည်ကြည်ငြိမ်သက်လာအောင် ကူညီပေးပါတယ်။ နှစ်ရှည်လများ တရားထိုင်တဲ့ သူတွေဟာ ဦးနှောက်ရဲ့ ပင်ကိုယ်ထိန်းညှိမှုအပိုင်းတွေနဲ့ အာရုံစိုက်မှုနဲ့ ဆိုင်တဲ့ အပိုင်းတွေမှာ ပိုတိုးတက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
စိတ်ဟာ အလေ့အကျင့်မရသေးချိန်မှာ တရားထိုင်ခြင်းဟာ ခက်ခဲပြီး သက်တောင့်သက်သာမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ကို ၁၀ မိနစ်လောက် အားထုတ်လိုက်မယ်ဆိုရင် ဦးနှောက်ဟာ စိတ်ခံစားချက်ကို ပိုပြီး ဟန်ချက်ညီထိန်းချုပ်နိုင်သလို အာရုံစူးစိုက်တဲ့ အပိုင်းမှာလည်း သိသိသာသာ တိုးတက်လာတာကို သတိပြုမိလာပါလိမ့်မယ်။
(၂) သင့်ကိုယ်သင် စိန်ခေါ်ပါ
Photo: marinaluca
ပန်းတိုင်အသစ်တွေ ချပြီး အပြောင်းအလဲတွေကို လက်ခံကြည့်ပါ။ သင့်ကိုယ်သင် သက်တောင့်သက်သာရှိနေတဲ့ Comfort Zone ကနေ ရုန်းထွက်ပြီး ရည်မှန်းချက်အသစ်ဆီ သွားပါ။ အခက်အခဲတွေနဲ့ အသစ်အဆန်း အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ချိန်မှာ လူဟာ ကိုယ့်ရဲ့ အစွမ်းအစကို ပိုထုတ်သုံးဖြစ်ပါတယ်။ သင့်ကိုယ်သင် ပိုသုံးဖြစ်ခြင်းဟာ သင့်ရဲ့ Willpower အတွက် လေ့ကျင့်ခန်းကောင်းတစ်ခု ဖြစ်ပါတယ်။
(၃) စိတ်ကို အလေ့အကျင့်လုပ်ပါ
Photo: ShutterStock
သင့်စိတ်ကို ထိန်းတဲ့ အလေ့အကျင့်ကလည်း သင့်ရဲ့ Willpower ကို မြှင့်ပေးနိုင်တဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ သင်ကျန်းမာရေး ၊ စီးပွားရေး နဲ့ လူမှုရေးတွေအတွက် မလုပ်သင့်တဲ့ အရာတွေကို မလုပ်မိအောင် စိတ်ကို ချုပ်တီးခြင်းအလေ့အကျင့်ဟာ ကြာကြာလုပ်နိုင်လေလေ သင့်နေ့စဉ်ဘဝမှာာ စိတ်ခွန်အားကြီးသူ ဖြစ်လာလေလေပါပဲ။
(၄) ကိုယ့်ကိုယ်ကို သိအောင် ကြိုးစားပါ
Photo: Freepik
Willpower ဟာ စိတ်ကနေ လာတာ ဖြစ်ပြီး စိတ်အလေ့အကျင့်ကို လိုက်ပြီး ကြီးထွားတာ ၊ သေးသိမ်တာမျိုး ဖြစ်လာပါတယ်။ စိတ်ခွန်အားကြီးသူ ဖြစ်ချင်တယ်ဆိုရင် သင့်စိတ်ထဲမှာ ဖြစ်နေတဲ့ အနိမ့်အမြင့် အတက်အကျ Patterns နဲ့ ခံစားချက်တွေကို သိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ တစ်ချိန်လုံး မပျော်မရွှင်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရနေတယ်ဆိုရင် သင့်ရဲ့ အမူအကျင့်ကို ပြန်လေ့လာကြည့်ပါ။
ကျန်းကျန်းမာမာ နေထိုင်စားသောက်ပါသလား။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန် လုပ်ဖြစ်လား ။ ပုံမှန်ရော အိပ်စက်ဖြစ်သလား။ ကိုယ့်စိတ်ထဲမှာ ပြောတဲ့ စကားတွေက အကောင်းမြင်တဲ့ စကားမျိုးတွေ ဖြစ်ရဲ့လားဆိုတာ ပြန်ကြည့်ပါ။ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ နေ့တိုင်း လုပ်သူဟာ စိတ်ဖိစီးခြင်း ၊ ပျင်းရိငြီးငွေ့ခြင်း ၊ အထီးကျန်ပြီး နွမ်းနယ်ပင်ပန်းခြင်း စတဲ့ ခံစားချက်တွေကို ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။