ပိုက်ဆံစုပါဆိုတဲ့စကားက လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်သလို လူတိုင်းလည်း လုပ်ဆောင်ဖို့ ဆန္ဒရှိတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် အမှန်တကယ် ပိုက်ဆံစုရာမှာတော့ ထင်ထားသလောက်မလွယ်ကူသလို ပိုက်ဆံစစုတဲ့အချိန်မှာတင် အခက်အခဲတွေများစွာရင်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ ပိုက်ဆံစုဖို့အတွက် ရိုးရှင်းပြီး လက်တွေ့ကျတဲ့ နည်းဗျုဟာတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကုန်ကျစရိတ်ကိုမှတ်တမ်းလုပ်ပါ

Source : Money Crashers

ငွေစုဖို့အတွက် ပထမဆုံးခြေလှမ်းက လစဉ်ကိုယ်ဘလောက်သုံးစွဲနေမိတယ်ဆိုတာကို မှတ်တမ်းတင်ဖို့ပါပဲ။ တစ်လအတွင်းမှာ ကိုယ့်အနေနဲ့ ဘယ်အရာတွေအတွက် ငွေကြေးဘယ်လောက်သုံးစွဲလိုက်တယ်ဆိုတာကို ခြေရာခံနိုင်ရင် မလိုလားအပ်တဲ့ ငွေကုန်ကျမှုတွေကို သိလာနိုင်ပြီး အသုံးစရိတ်ကို သိသိလျော့ချနိုင်မှာဖြစ်ပါတယ်။မလိုအပ်တဲ့ငွေကုန်ပေါက်တွေကို ပိတ်နိုင်ခြင်းက ငွေစုဖို့အတွက်အလားအလာကောင်းတစ်ခုဖြစ်ပါတယ်။

(၂) ရည်မှန်းချက်တစ်ခုချမှတ်ပါ

Source : The Bangkok Post

ပိုက်ဆံစုဆောင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ငွေကြေးရည်မှန်းချက်တစ်ခုချမှတ်ခြင်းဖြစ်ပါတယ်။ တစ်နှစ်အတွင်း ငွေဘယ်လောက်စုဆောင်းမယ် ၊ ကားဝယ်မယ် ၊ အိမ်ဝယ်မယ် ၊ အိမ်ထောင်ပြုမယ် စသည်ဖြင့် ကောင်းမွန်တဲ့ ရည်မှန်းချက်တစ်ခုအတွက် သင့်ရဲ့ ပိုက်ဆံစုခြင်းကို စတင်ပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်အတိုင်း ခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်ပြီး ငွေစုမယ်ဆိုရင် အမှန်တကယ်ငွေစုဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။

(၃) ဝင်ငွေထွက်ငွေစိစစ်ပါ

Source : Noobpreneur.com

ငွေကြေးဆိုင်ရာအခက်အခဲတွေမှာ အဖြစ်အများဆုံးက ဝင်ငွေထွက်ငွေမမျှတခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်တစ်လမှာ ကိုယ်အတွက် ဝင်ငွေဘယ်လောက်ရှိတယ် ထွက်ငွေဘလောက်ရှိတယ်ဆိုတာကို စာရင်းပြုစုပါ။ ထွက်ငွေက ကိုယ်ရဲ့ လစဉ်ဝင်ငွေထက်ပိုများနေရင် ငွေစုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝင်ငွေထွက်ငွေကိုတွက်ချက်ပြီး အသုံးစရိတ်ကို နည်းစနစ်ကျကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငွေစုဖို့အလားအလာပိုရှိလာနိုင်ပါတယ်။

(၄) အကြွေးတင်ခြင်းကိုနှုတ်ဆက်လိုက်ပါ

Source : Financial Framework

လစဉ်အကြွေးတင်နေခြင်းက ငွေစုနိုင်ဖို့အတွက်အကြီးအမားဆုံး အတားအဆီးကြီးတစ်ခုဖြစ်ပါတယ်။ အကြွေးက သင့်ရဲ့ဝင်ငွေကို ဆုံးရှုံးစေပြီး လစဉ်လတိုင်းအကြွေးသံသရာလည်ကာ ချေးလိုက်ဆပ်လိုက်နဲ့ ငွေစုဖို့ဘက်တောင် လှည့်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် ငွေကြေးနဲ့ပတ်သတ်ပြီး အကြွေးမတင်မိအောင်နေပါ။ အကြွေးကင်းတဲ့ဘဝက ပျော်ရွှင်ဖို့ကောင်းပြီး ငွေကြေးစုဆောင်းနိုင်ဖို့အတွက်လည်း ပိုမိုလွယ်ကူစေနိုင်ပါတယ်။