မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း အီဗရာက နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ဖလားကို ထပ်မံကိုင်မြှောက်နိုင်ဖို့အတွက် ဂါရတ်ဘေးလ်နဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ကို ခေါ်ယူချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၆ နှစ်တာကာလအတွင်းမှာ အဓိကဆုဖလားပေါင်း ၃၈ လုံးအထိ ရရှိအောင် နည်းပြပေးနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ နည်းပြဘဝကနေ အနားယူသွားခဲ့တာဖြစ်ပါတယ်။

Photo: Daily Mail

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးကနေ အနားမယူမီမှာ ဖာဂူဆန်က ၎င်းအတွက် တတိယမြောက် ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် ရည်မှန်းထားခဲ့တယ်လို့ အီဗရာက ပြောကြားခဲ့တာဖြစ်ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လာဖို့တောင် သဘောတူညီခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း အီဗရာက ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား သိလား။ ခင်ဗျားက ကျွန်တော့်ရဲ့ယူနိုက်တက်ကစားသမားဘဝမှာ အခက်ခဲဆုံးကာလအကြောင်း ပြောတယ်ဆိုတော့ ဒီတစ်ခုက အခက်ခဲဆုံးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော် ပြောရမှာပဲ”

“သူ အနားမယူခင် ၂ ပတ်လောက်မှာ မီဒီယာအများစုက ဖာဂူဆန်လာမယ့်နှစ်မှာ အနားယူကောင်းယူနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေခဲ့တာကို ကျွန်တော် မှတ်မိပါသေးတယ်။ ပြီးတော့ သူက ပက်ထရစ် ငါဘယ်တော့မှ အနားယူမှာမဟုတ်ဘူး။ ဒီမှာ နောက်ထပ် ၁၀ နှစ်လောက် ရှိနေဦးမှာလို့ ပြောပါတယ်”

Photo: Goal

“ပြီးတော့ သူက ငါ့ရဲ့ပစ်မှတ်က ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ အသင်းမှာရှိလိမ့်မယ်ဆိုတာကို ၉၉ ရာခိုင်နှုန်းသေချာဖို့ပဲ။ နောက်ထပ်ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် ဒီလိုကစားသမား ၂ ဦးကို ငါ လိုအပ်တယ်။ ၉၉ ရာခိုင်နှုန်းပဲ”

“အမှန်အတိုင်းပြောရရင် ကျွန်တော် ခရစ်စတီယာနိုနဲ့ စကားပြောတဲ့အခါမှာ သူ့ကို ကျွန်တော် မေးခဲ့တယ်။ သူက ဘော့စ်ကို သဘောတူလိုက်တယ်တဲ့။ ယူနိုက်တက်ကို ပြန်ပြောင်းလာမယ်ဆိုတာကိုပေါ့။ သူ ကျွန်တော့်ကို ဒီလိုပဲ ပြောခဲ့တာပါ”လို့ UTD Podcast ကို ပြောကြားခဲ့ပါတယ်။