မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ၁၉၉၅ ခုနှစ်မှာ ရုရှားတောင်ပံကစားသမား ကန်ချဲစကစ်ကို အဲဗာတန်အသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် ၎င်းရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေကို တောင်းပန်ဖို့ အဆင်သင့်ရှိနေခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ယင်းစကားကို ပြောကြားခဲ့တဲ့သူကတော့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ပြီးနောက် ရောင်းထုတ်ခြင်းခံခဲ့ရတဲ့ ကန်ချဲစကစ်ကိုယ်တိုင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ကန်ချဲစကစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးကြီးတဲ့ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး ၎င်းထွက်ခွာမှုက အသင်းလူစာရင်းထဲမှာ ကြီးမားတဲ့ဟာကွက်ကြီး ကျန်ရစ်နေစေခဲ့တာဖြစ်ပါတယ်။

Photo: Yahoo Sport UK

“ကျွန်တော် ယူနိုက်တက်ကို စွန့်ခွာခဲ့တဲ့အချိန်မှာ ဖာဂူဆန်က တစ်သင်းလုံးကို တောင်းပန်စကားပြောဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါတယ်”လို့ Sport-Express ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ နောက်ပိုင်းမှာ ကစားသမားတွေကြားမှာ ငွေကြေးဆိုင်ရာပြဿနာတွေဖြစ်လာမှာကို စိုးရိမ်မိတဲ့အတွက် ၎င်းအနေနဲ့ ကန်ချဲစကစ်ကို ရောင်းထုတ်ရမယ်လို့ ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကန်ချဲစကစ်ရဲ့အပြောင်းအရွှေ့ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဆိုးထဲကအကောင်းဖြစ်လာခဲ့ပြီး လူငယ်ကစားသမား ဒေးဗစ်ဘက်ခမ်းဟာ ကန်ချဲစကစ်ရဲ့နေရာမှာ အစားထိုးခံခဲ့ရပြီး အသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

Source : www.mirror.co.uk

“ဒေးဗစ်ဘက်ခမ်းက ကျွန်တော်သာ မန်ချက်စတာယူနိုက်တက်ကို မစွန့်ခွာခဲ့ဘူးဆိုရင် သူ ကစားရမှာမဟုတ်ဘူးလို့ ရေးခဲ့ပါတယ်။ ကျွန်တော် သူ့ကို နေရာပေးခဲ့သလိုဖြစ်ခဲ့တာ အရမ်းကောင်းပါတယ်”
“ရလဒ်အနေနဲ့ သူတို့တွေက ကျွန်တော့်ကို ရုရှားမှာထက် အင်္ဂလန်မှာပိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်”လို့ ကန်ချဲစကစ်က ပြောကြားခဲ့ပါတယ်။