ငယ်ရွယ်စဉ်မှာတော့ သင့်ရဲ့အသားအရေက နုနယ်ပျိုမျစ်နေမှာဖြစ်ပြီး ဂရုစိုက်စရာလိုဦးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်အသက် (၃၀) အရွယ်ရောက်တဲ့အခါ သင့်ရဲ့အသားအရေကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါဦး။ ငယ်ရွယ်စဉ်တုန်းကလို နုနယ်ပျိုမျစ်သေးရဲ့လား။
အများအားဖြင့် အသက် (၃၀) ကျော်လာပြီဆိုတာနဲ့ အသားအရေ ခြောက်သွေ့ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း၊ ချွေးပေါက်များ ကျယ်လာခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ကာ အစားအရေမညီမညာဖြစ်ခြင်း၊ ဝက်ခြံများပေါက်ခြင်း အစရှိတဲ့ အသားအရေပြဿနာများကို ကြုံတွေ့ရနိုင်ပါတယ်။
ဒါဆိုရင် သင့်အသားအရေကို ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်ပါပြီ။ Skincare ပြုလုပ်ရမယ့်နည်းလမ်းကလည်း မခက်ခဲပါဘူး။ အခုဖော်ပြပေးမယ့် အဆင့် (၄) ဆင့်ကို ပုံမှန်ပြုလုပ်ပေးရုံနဲ့တင် လုံလောက်ပါပြီ။
မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ
ကိုယ့်မျက်နှာက ဘယ်လိုအသားအရေမျိုး ပိုင်ဆိုင်ထားသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင် အဆီပြန်ခြင်းကို သက်သာပျောက်ကင်းစေမယ့် မျက်နှာသစ်ဆပ်ပြာမျိုး ဝယ်ယူပါ။ ဝက်ခြံသမားဆိုရင် ဝက်ခြံပျောက်စေမယ့် မျက်နှာသစ်ဆေးမျိုး လိုအပ်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်မျက်နှာသစ်ကာ ကိုယ့်ရဲ့အသားအရေကို ဂရုစိုက်ပါ။
Moisturizer ပုံမှန်လိမ်းပါ
မျက်နှာသစ်ပြီးပြီဆိုတာနဲ့ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ရန်အတွက် Moisturizer ပုံမှန်လိမ်းပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးပြီး အိုမင်းရင့်ရော်ခြင်းကို ထိန်းသိမ်းပေးနိုင်မယ့် ပါဝင်ပစ္စည်းများဖြစ်တဲ့ Niacinimide နဲ့ Peptides တို့ပါဝင်တဲ့ Moisturizer လေး အသုံးပြုပေးနိုင်ပါတယ်။
Serum ထပ်ပေါင်းထည့်ပါ
တကယ်လို့ သင့်အသားအရေက ခြောက်သွေ့နေတယ်ဆိုရင်တော့ Moisturizer မလိမ်းခင်မှာ Serum လိမ်းဖို့လိုအပ်ပါတယ်။ Serum များသည် စောစောကဖော်ပြခဲ့တဲ့ အသားအရေအိုမင်းရင့်ရော်မှုကို ထိန်းသိမ်းပေးတဲ့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ Niacinimide နဲ့ Peptides တို့ကို အလွယ်တကူစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
မျက်လုံးကိုလည်း မေ့မထားပါနဲ့
မျက်လုံးနဲ့တဝိုက်သည် အရေးအကြောင်းစတင်ပေါ်ပေါက်နေတဲ့နေရာဖြစ်ပါတယ်။ ထိုနေရာရှိအရေပြားသည် ပိုမိုပါးလွှာတဲ့အတွက်ကြောင့် အရေးအကြောင်းများကို အရင်ဆုံးမြင်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ညအိပ်ရာဝင်ခါနီးမှာ မျက်လုံးလိမ်းတဲ့ခရင်မ်လေး လိမ်းပေးဖို့မမေ့ပါနဲ့။ Glycerin (သို့) Niacinimide ဗီတာမင် B3 တို့ပါဝင်တဲ့ မျက်လုံးလိမ်းခရင်မ်မျိုး ရွေးချယ်ကာ မျက်ကွင်းညိုခြင်း၊ မျက်အိတ်တွဲကျခြင်းတို့ကို တားဆီးနိုင်ပါတယ်။
ငါက ယောကျာ်းလေးပဲ Skincare လုပ်စရာမလိုပါဘူးလို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ သင့်အနေနဲ့ အဆင့်တွေအများကြီးပါဝင်တဲ့ Skincare မျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ ဒီ ၄ ဆင့်ကိုတော့ မဖြစ်မနေပြုလုပ်သင့်ပါတယ်။
Source: Olay.in
Featured Image Source: Vlaesthetics.co.uk