ဒီဘက်ခေတ်မှာတော့ အမျိုးသမီးတွေ တင်သာမကဘဲ အမျိုးသားများပါ Skincare ပြုလုပ်ဖို့ လိုအပ်လာပါပြီ။ ဒါမှသာ Skincare မလုပ်မိလို့ တနေ့တခြား အိုစာသွားတဲ့ ကောင်ဇိုးလေး တစ်ယောက် မဖြစ်မှာပါ။ နို့မဟုတ်ရင်တော့ အသက်အရွယ်ရလာမှ ငယ်ငယ်တုန်းက စကင်မကဲမိလေခြင်းဆိုပြီး နောင်တ တသီတတန်းကြီး မရမှာဖြစ်ပါတယ်။

စကင်ကဲ ပြုလုပ်ဖို့အတွက် အဆင့်တွေ အများကြီးရှိပေမယ့် အလုပ်ရှုပ်မခံချင်ဘူးဆိုတဲ့ ကွီးတို့ကတော့ အခုဖော်ပြပေးမယ့် အခြေခံအဆင့် (၃) ဆင့်တည်းကို ပြုလုပ်ရုံနဲ့ လုံလောက်ပါပြီ။

အဆင့် (၁) တစ်ရက် နှစ်ကြိမ် မျက်နှာသစ်ပါ

အဆင့် (၁)

မနက် မိုးလင်းလာတာနဲ့ တစ်ကြိမ်၊ ညဘက် အိပ်ခါနီးမှာ တစ်ကြိမ်၊ တစ်ရက်လျှင် နှစ်ကြိမ်စီ မျက်နှာသစ်ပေးသင့်ပါတယ်။ တကယ်လို့ ကွီးတို့က ကြားထဲမှာ လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိတယ်ဆိုရင်တော့ လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ချွေးတိတ်သွားတဲ့အခါမှာလည်း တစ်ကြိမ်လောက် မျက်နှာထပ်သစ်နိုင်ပါတယ်။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးလေးကို ရွေးချယ်သင့်ပါတယ်။

မျက်နှာသစ်တဲ့အခါ ပူလွန်းတဲ့ ရေနဲ့ မသစ်သင့်ပါဘူး။ ရေနွေးနွေးလေးနဲ့သာ မျက်နှာသစ်သင့်ပါတယ်။ ဒါမှသာလျှင် မျက်နှာပေါ်က သဘာဝအဆီတွေကို ရေနွေးပူက ဖယ်မရှားပစ်မျာဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာသစ်နေချိန်မှာ လက်ချောင်းလေးများနဲ့ မျက်နှာပြင်ကို နှိပ်နယ်ပေးသင့်ပါတယ်။ မျက်နှာခြောက်အောင် သုတ်တဲ့အခါမှာလည်း မျက်နှာသုတ်ပုဝါလေးကို ပုတ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ အကြမ်းပတမ်း ပွတ်တိုက်နေဖို့ မလိုပါဘူး။

အဆင့် (၂) တစ်ရက် နှစ်ကြိမ် Moisturizer လိမ်းပါ

Moisturizer

ကွီးတို့ အသားအရေက မျက်နှာသစ်ပြီးလို့ မခြောက်တခြောက် အနေအထားလေးမှာပဲ Moisturizer လေးကို လိမ်းကျံပေးလိုက်ပါ။ ဒါဆိုရင် စောစောက မျက်နှာသစ်တုန်းက ရေကို Moisturizer သုံးပြီး ပိတ်လှောင်ထားလိုက်သလို ဖြစ်သွားပြီး ကွီးတို့အသားအရေက အစိုဓာတ် ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဒီနည်းလမ်းအားဖြင့် အသားအရေက စိုစိုအိအိလေး ဖြစ်နေမှာပါ။

အဆင့် (၃) နေလောင်ကာခရင်မ်ကို မနက်တစ်ကြိမ် လိမ်းကျံပါ

Skincare ကောင်ဇိုးလေး

နေလောင်ကာခရင်မ်ကို နေ့စဥ် လိမ်းကျံ သင့်ပါတယ်။ မိုးအုံ့တဲ့နေ့၊ မိုးရွာတဲ့ နေ့တွေမှာတောင် လိမ်းကျံဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခရမ်းလွန်ရောင်ခြည်များသည် မိုးအုံ့တဲ့နေ့တွေမှာတောင် ဖြာကျနေမှာဖြစ်ပြီး အသားအရေက အိုမင်းရင့်ရော်လာအောင်၊ ပါးရေတွန်းလာအောင်၊ အသက်ပိုကြီးတဲ့ ပုံပေါက်လာအောင်၊ အသားအရောင် မညီညာတာမျိုးကို ဖြစ်ပေါ်လာစေလို့ပါပဲ။ နေလောင်ကာခရင်မ် အသုံးပြုမယ်ဆိုရင် ထိုပြဿနာများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြားကင်ဆာ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဒီအဆင့် (၃) ဆင့်ကတော့ အခြေခံအဆင့်၊ မဖြစ်မနေ လုပ်ရမယ့် အဆင့်ပဲဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင်တော့ အခုဆက်လက်ဖော်ပြပေးမယ့် အချက်များကို ပြုလုပ်နိုင်ပါတယ်

မနက်ပိုင်းတွင် Antioxidant Serum အသုံးပြုပါ

Skincare ကောင်ဇိုးလေး

ဗီဝာာမင် စီ ပါဝင်တဲ့ Antioxidant Serum ကို မနက်ပိုင်းမှာ အသုံးပြုပေးမယ်ဆိုရင် အရေပြား ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ Antioxidant Serum ကို အသုံးပြုမယ် ဆိုရင်တော့ Moisturizer မလိမ်းကျံခင်မှာ လိမ်းပေးဖို့ လိုအပ်ပါတယ်။

ညပိုင်းတွင်တော့ Retinol ကို အသုံးပြုပါ

Skincare ကောင်ဇိုးလေး

Retinol ကတော့ နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့အသားအရေနှင့် အိုမင်းရင့်ရော်မှုတို့မှ ကာကွယ်ပေးနိုင်တဲ့ အဓိက ဇာတ်လိုက်ကျော်ကြီးပဲဖြစ်ပါတယ်။ သူ့ကို ဘက်မှာ သုံးပေးမယ်ဆိုရင်တော့ မနက်ပိုင်းတုန်းက ပျက်စီးသွားတဲ့ အသားအရေများကို ပြန်လည်ထိန်းသိမ်းပေးမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခု သတိထားရမှာကတော့ Retinol သည် နေရောင်ခြည်နဲ့ ထိတွေ့မိတဲ့အခါ ဓာတ်မတည့်တာတွေဖြစ်ပေါ်နိုင်လို့ ညအိပ်ခါနီးမှသာ အသုံးပြုသင့်ပါတယ်။

ဘယ်အချိန်မှာ စတင်ပြီး စကင်ကဲသင့်သလဲ

Skincare ကောင်ဇိုးလေး

လူတစ်ယဗာက်နဲ့ တစ်ယောက်က ဟော်မုန်းထုတ်လုပ်မှု၊ အသားအရေ ပြောင်းလဲမှုသည် မတူညီနိုင်ပါဘူး။ ဘယ်အချိန်စလုပ်လုပ် နောက်ကျတယ်ရယ်လို့ မရှိပါဘူး။ တချို့တွေကတော့ အသက် ၂၀ ကျော်တာနဲ့ အရေးအကြောင်းတွေ စပြတတ်တာဆိုတော့ တချို့ကလည်း အသက် ၂၀ အရွယ်ကတည်းက စသင့်တယ်လို့ ပြောကြပါတယ်။ အရေပြား ဆရာဝန်ကတော့ ငယ်ရွယ်စဥ်ကတည်းက နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းမှ ကာကွယ်သင့်တယ်လို့ ပြောကြားထားပါတယ်။

Skincare မလုပ်မိလို့ တနေ့တခြား အိုစာသွားတဲ့ ကောင်ဇိုးလေး မဖြစ်ချင်ကြဘူး ဟုတ်။ ဒါဆိုရင်တော့ ဘာလုပ်ရမလဲ သိလောက်ပါပြီ။

Source: Health.clevelandclinic

Featured Image: Freepik