ဝိတ်ချနေသူတွေ ၊ ဝိတ်တက်မှာကြောက်သူတွေ စိတ်ချလက်ချ သောက်လို့ရမယ့် ကော့လ်တေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Skinny Margarita ကော့လ်တေး လို့ခေါ်ပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းတဲ့ အပြင် ပြင်ဆင်ဖျော်စပ်ရတာလည်း အရမ်းကို လွယ်ကူပါတယ်။

Skinny Margarita ကော့လ်တေးတစ်ခွက်မှာ ပျမ်းမျှ ကယ်လိုရီ ၁၀၀ ဝန်းကျင်ခန့်သာ ပါဝင်ပါတယ်။ ကျွန်တော်တို့ ပုံမှန်သောက်နေကြ Classic Margarita ကော့လ်တေးထက်ပင် ကယ်လိုရီ ၄၀ ရာခိုင်နှုန်း ပိုနည်းပါပါတယ်။ Tequila တက်ကီလာ ၊ သံပုရာရည် Lime Juice ၊ Orange Juice လိမ္မော်ရည် ၊ Maple Syrup စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဓိက ဖျော်စပ်ပါတယ်။ ကော့လ်တေးဖျော်စပ်နည်းက လုံးဝရိုးရိုးရှင်းရှင်းလေးပါပဲ။

အရင်ဆုံး ကော့လ်တေးဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို သံပုရာသီးခြမ်းလေးနဲ့ ပွတ်ပြီး ဆားပန်းကန်ထဲမှာ နစ်ကာ ဖန်ခွက်နှုတ်ခမ်းဝကို ဆားမှုန်လေးတွေ ကပ်လိုက်ပါ။ နောက်ထပ်ဖန်ခွက် တစ်ခွက်ထဲမှာတော့ Blanco ဒါမှမဟုတ် Reposado Tequila တက်ကီလာ ၁ အောင်စ ၊ သံပုရာရည် ၁ အောင်စ ၊ လိမ္မော်ရည် ၁ အောင်စခွဲ ၊ Maple Syrup အောင်စဝက်တို့ကို ရေခဲအနည်းငယ်ရောစပ်ပြီး ရေခဲလာတဲ့အထိ မွှေပေးရပါမယ်။ ပြီးတဲ့အခါမှာတော့ ဆားမှုန်လေးတွေကပ်ထားတဲ့ ဖန်ခွက်ထဲကို ကော့လ်တေးဖျော်ရည် လောင်းထည့်ပြီး သံပုရာခြမ်းလေးတွေနဲ့ အလှဆင်လိုက်မယ်ဆိုရင်တော့ ချိုချဉ်ပြုံး အရသာ Skinny Margarita ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Le Wild Explorer