Facebook ပေါ်မှာ အသေအပျောက်နဲ့ ကူးစက်မှုနှုန်းမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကြားပြီး စိုးရိမ်နေကြမှာပါ။ ကမ္ဘာ့ကပ်ရောဂါအဖြစ်တောင် WHO က သတ်မှတ်ထားတဲ့ ဒီရောဂါဆိုးကြီးကို အကြောက်တရားသက်သက်နဲ့တော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် တတ်နိုင်သလောက် ကိုယ့်ကိုယ်ကို ကာကွယ်ပြီးနေရမှာပါ။ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကိုယ်ခံအားကောင်းခြင်းက အရေးပါပါတယ်။ ဒီတစ်ခါမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ အလွယ်ဆုံးနည်းလမ်းတွေ မျှဝေသွားမှာ ဖြစ်ပါတယ်။

(၁) လက်ဆေးပါ

Photo: bestlifeonline

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ အရေးကြီးဆုံး အရင်လုပ်ရမှာက လက်ကို ပုံမှန် ဆေးကြောသန့်ရှင်းပေးဖို့ပါပဲ။ ဆပ်ပြာနဲ့ ရေ သုံးပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် (အရေပြားအထူးကု ဂျို့ရှ် ဇိုင်ချ်နာကတော့ လက်ကို ဆပ်ပြာရည်နဲ့ ပွတ်သပ်နေရင်း A,B,C ကနေ Z အထိ စိတ်ထဲက ဆိုပေးပြီးမှ ရေနဲ့ ဆေးကြောဖို့ ပြောပါတယ်။) ဆေးပေးရမှာပါ။Hand Sanitizer ကတော့ ဆပ်ပြာနဲ့ ရေမရှိဘူးဆိုမှ သုံးပေးပါ။ လက်ဆေးတာ Sanitizer သုံးတာတွေ လွန်လာရင် လက်အရေပြား ခြောက်သွေ့ယားယံရာကနေ ကုတ်ဖဲ့တာကြောင့် အရေပြား ပိုးဝင်နိုင်ခြေရှိပါတယ်။ ဒီတော့ လက်ကို အစိုထိန်းဖို့လည်း လိုပါတယ်။

(၂) လက်စွပ်တွေ သန့်ရှင်းပေးပါ

Photo: bestlifeonline

လက်ဆေးတာ အရေးပါသလိုပဲ သင့်လက်မှာ စွပ်ထားတဲ့ လက်ဝတ်ရတနာတွေကိုလည်း သန့်ရှင်းရေး ကောင်းကောင်းလုပ်ပေးဖို့ အရေးကြီးပါတယ်။ လက်စွပ်တွေဟာ သင်ထင်ထားတာထက် ပိုညစ်ပတ်ပါတယ်။ လက်စွပ်မှာ ကပ်နေတဲ့ အညစ်အကြေး ၊ အဆီနဲ့ အနုဇီဝပိုးတွေဟာ ကူးစက်မှုကို ဖြစ်ပွားနိုင်လို့ မနက်ဖြစ်စေ ညအိပ်ရာဝင်ခါနီးဖြစ်စေ သေချာဆေးကြော သန့်ရှင်းပေးသင့်ပါတယ်။

(၃) တံခါးလက်ကိုင်နဲ့ ဖုန်းများ ပိုးသတ်ထားပါ

Photo: bestlifeonline

အိမ်မှာရှိတဲ့ တံခါးလက်ကိုင်တွေကို ပိုးသတ်ဆေးပါတဲ့ Cleaner နဲ့ သန့်ရှင်းပေးသင့်ပါတယ်။ နေ့စဉ်သုံး အီလက်ထရောနစ် အသုံးအဆောင်တွေ ဖြစ်တဲ့ စမတ်ဖုန်း ၊ လက်ပ်တော့နဲ့ TV Remote တွေကိုလည်း စမတ်ဖုန်းသန့်ရှင်းရေးဆေးရည်နဲ့ ပိုးသတ်ပေးဖို့ လိုပါတယ်။

(၄) မျက်နှာကို လက်နဲ့ပွတ်ခြင်း ရှောင်ပါ

Photo: CNN

လက်ချောင်းတွေဟာ ပိုးတွေကို ထိတွေ့မှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ ဒီတော့ လက်ကို သန့်ရှင်းရေး မလုပ်မချင်း မျက်လုံး ၊ ပါးစပ်နဲ့ နှာခေါင်းတွေကို လက်နဲ့ ပွတ်တာမျိုး မလုပ်ဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ မျက်ကပ်မှန် တပ်ထားသူဆိုရင်လည်း လက်ကို စနစ်တကျ ဆေးကြောပြီးမှ မျက်ကပ်မှန် တပ်/ချွတ် လုပ်သင့်ပါတယ်။

(၅) Lifestyle ပြောင်းပါ

Photo: bestlifeonline

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး ဆေးလိပ်သောက်သူတွေမှာ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ ဒီတော့ ဆေးလိပ်ဖြတ်ပါ။ ဒါမှမဟုတ် ဖြတ်ဖို့ နည်းလမ်းရှာပါ။ စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုများခြင်းဟာ ကိုယ်ခံအားစနစ်နဲ့ အစာခြေဖျက်ခြင်းကိုပါ ထိခိုက်စေနိုင်သလို အိပ်စက်မှုနဲ့ မျိုးပွားစနစ်တွေအထိ ထိခိုက်နိုင်ပါတယ်။COVID-19 ကာကွယ်ဖို့အတွက် တစ်ညကို ၇ နာရီကနေ ၈ နာရီခွဲအထိ အိပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလည်း ပုံမှန်လုပ်ပေးသင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်အစားအစာများ စားသုံးပေးဖို့ လိုပါတယ်။ လူတွေနဲ့ နီးနီးကပ်ကပ် မနေဖြစ်အောင် Social Distancing လုပ်ပေးသင့်ပြီး လိုအပ်ရင် အိမ်မှာပဲ နေဖို့အကြံပြုချင်ပါတယ်။