အိမ်ထဲမှာချည်း တစ်လကိုးသီတင်း နေထိုင်ခြင်းဟာ ကျန်းမာရေးပြဿနာတွေကို လက်ယပ်ခေါ်နေတာနဲ့ တူပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းပါးတဲ့ Self-Quarantine နေထိုင်မှုစနစ်ကြောင့် နောက်ဆက်တွဲကျန်းမာရေးအန္တရာယ်အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလျှော့ချဖို့အတွက် မဖြစ်မနေ အိမ်မှာပဲ နေဖို့ လိုနေပါတယ်။ ဒီလူနေမှုပုံစံသစ်မှာ ကျင့်သားရအောင် နေထိုင်ကြရင်းနဲ့ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာ လူတစ်ယောက်ကို ပိုပြီး ကျန်းမာစေဖို့အတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းလေး‌တစ်ချို့ကို ပြောပြပေးသွားချင်ပါတယ်။

(၁) ကိုယ့်အနားမှာ ရေသန့်ဗူးထားပါ

Photo: Unsplash

ရေဓါတ်ပြည့်ဝဖို့ အရေးကြီးကြောင်း အရင်ကလည်း ကြားဖူးခဲ့ပြီး ဖြစ်မှာပါ။ ဒါပေမယ့် လူအတော်များများရဲ့ နေ့စဉ် လူနေမှုပုံစံဟာ ပြည့်ဝတဲ့ ရေသောက်သုံးမှုဆီ ရောက်မလာသေးပါဘူး။ ရေဓါတ်နည်းရင် အသားအရေညစ်နွမ်းပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်လာနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာချင်ရင် အရင်ဆုံး ရေဓါတ်ပြည့်အောင် နေတဲ့နည်းကို လိုက်နာပေးဖို့ လိုပါတယ်။

(၂) လမ်းလျှောက်ပါ

Photo: Unsplash

လမ်းလျှောက်ခြင်းဟာ ကုန်ကျစရိတ်အနည်းဆုံး ကျန်းမာရေးလေ့ကျင့်ခန်းပါ။ အကောင်းဆုံးက မနက်စောစောအိပ်ရာက ထပြီးတာနဲ့ လမ်းလျှောက်ပါ။ ကိုယ့်အခန်းထဲမှာလည်း လမ်းလျှောက်လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ နေ့စဉ် လမ်းလျှောက်တဲ့ အလေ့အကျင့် မွေးယူခြင်းအားဖြင့် အစာချေဖျက်မှုကောင်းပြီး ၊ ခြေလက်ကိုယ်အင်္ဂါတွေ သန်စွမ်း ကျန်းမာလာသလို စိတ်လည်း ရွှင်မြူးလာနိုင်ပါတယ်။

(၃) အစားအသောက် ဂရုစိုက်ပါ

Photo: Unsplash

တစ်နေ့တာမှာ ထမင်းဘယ်နှစ်နှပ်စားဖြစ်သလဲဆိုတာကနေ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ပါ။ မနက်စာကို ဘယ်လို စားသလဲ။ ညဆို ဘယ်အချိန်မှ စားဖြစ်သလဲ။ ဘာတွေနဲ့ စားသလဲ။ ဘယ်လောက်အထိ စားမိသလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေက သင့်ကျန်းမာရေး ပြဒါးတိုင် ဖြစ်ပါတယ်။ ကျန်းမာချင်ရင် အစာကို မျှတအောင်စားပြီး အသီးအရွက် ကာလာစုံစားပေးဖို့ လိုပါတယ်။ အဆီအငန်လျှော့စားပြီး မနက်စာကို အာဟာရပြည့်ဝဖို့ ဂရုစိုက်ပါ။ အစာကို ကြေညက်အောင် ဝါးစားပြီး ညစာကို လျှော့စားဖို့ စည်းကမ်းထားပါ။ ဒီလောက်ဆိုရင်ကို အခြေခံကျန်းမာရေးအတွက် အတော်များများ လိုက်နာပြီးသား ဖြစ်သွားမှာပါ။