အခုခေတ် စီးပွားရေးပုံစံက ဒီဂျစ်တယ်လူနေမှုနဲ့ ကင်းလို့ မရတော့ပါဘူး ။ ဒါကိုပဲ ဒီဂျစ်တယ် စီးပွားရေးလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။ ဒီဂျယ်တယ်ခေတ်မှာ စီးပွားရှာတော့မယ်ဆိုရင် Social Media ပေါ်မှာလည်း ကိုယ့်လုပ်ငန်းကို အောင်မြင်အောင် ပုံဖော်ဖို့ လိုလာပါတယ်။ စမတ်ဖုန်းသုံးသူတိုင်း Social Media သုံးတဲ့ ခေတ်မှာ ကိုယ့်လုပ်ငန်းကို လူမှုကွန်ရက်ပေါ် တိုးချဲ့ခြင်းအားဖြင့်လည်း လုပ်ငန်းဖြစ်ထွန်းမှု ဆတက်တိုးဖို့ အလားအလာ ပိုရှိပါတယ်။

သမရိုးကျ စီးပွားရေး ကနေ Social Media ပလက်ဖောင်းတွေပေါ် သွားပြီး လုပ်ငန်း စတင်မယ်ဆိုရင် အခြေခံကျတဲ့ အချက်ကလေးတွေ သိထားဖို့တော့ လိုမှာပါ။ ဘယ်လိုအချက်လေးတွေလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) သေးသေးက စပါ

Tea at a laptop

Photo: Unsplash

အရင်က Social Media ပေါ် လုပ်ငန်း ကိစ္စ မလုပ်ဖူးတဲ့ သူတွေအတွက် သေးသေးလေးကနေ စတင်ဖို့ အကြံပေးချင်ပါတယ်။ ပို့စ်အရှည်ကြီး ရေးပြီး အလုပ်အကြောင်း ပြောတာမျိုး မလုပ်ပါနဲ့။ တိုတိုထိထိ နဲ့ ရှင်းအောင်ပဲ အာရုံစိုက်ပါ။ ထုတ်ကုန်အကြောင်းပြောတာပဲ ဖြစ်ဖြစ် ဝန်‌ဆောင်မှုအကြောင်း ကြေညာချင်တာပဲ ဖြစ်ဖြစ် လူတိုင်းနားလည်အောင် လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒါက သင့်လုပ်ငန်းကို သင်ဘယ်လောက် ကျွမ်းကျင်သလဲဆိုတာကိုပါ ဖော်ပြနေတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ဖြစ်နိုင်လောက်တဲ့ ရည်မှန်းချက်လေးတွေ ချပြီး အလုပ်လုပ်ပါ။ ဥပမာ – နေ့တိုင်း ပို့စ်တွေ တင်တာထက် Calendar တစ်ခု ဆွဲထားပြီး ဘယ်နေ့ ဘယ်လိုပို့စ်တင်မယ် ၊ ဘယ်ရက်မှာ ဘယ်လို Graphic လေးတွေနဲ့ သွားမယ် စသည်ဖြင့် လက်တွေ့ကျပြီး အလုပ်ဖြစ်နိုင်တဲ့ Goals လေးတွေနဲ့ သွားဖို့ ဖြစ်ပါတယ်။ ကိုယ်ချထားတဲ့ ပန်းတိုင်လေးတွေ တစ်ခုချင်းစီကို ဖြတ်သန်းသွားတိုင်း ကိုယ့်ကိုယ်ကိုယ် အောင်မြင်မှာပဲလို့ ယုံကြည်စိတ်က ပိုကြံ့ခိုင်ကြီးထွားလာနိုင်လို့ ဖြစ်ပါတယ်။

(၂) ကိုယ်ပိုင်စတိုင်နဲ့ သွားပါ

MacBook Air

Photo: Unsplash

Social Media ဆိုတာ လူသန်းရာထောင်မကရဲ့ အသံတွေကို စုစည်းတင်ဆက်နေတဲ့ ပလက်ဖောင်းပါ။ အများနဲ့အညီ Industry ထဲက အသံတွေ ၊ အသုံးအနှုန်းနဲ့ အမြင်တွေအတိုင်း လိုက်လုပ်တာက လူအုပ်ကြီးထဲမှာ သင့်ကို ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ကိုယ်ပိုင်ဟန်ဖော်ထုတ်ပါ။ စာပဲ ရေးရေး Live ပဲ လွှင့်လွှင့် ကိုယ်က ဘယ်လိုလူလဲဆိုတာကို ဖော်ပြနိုင်အောင် လုပ်ပါ။ ကိုယ့်ရဲ့ ထူးကဲခြားနားတဲ့ စွမ်းအားတွေက ကိုယ့်ရဲ့ ထူးခြားမှုကို လူတွေ မြင်တွေ့လက်ခံလာစေမှာ ဖြစ်ပါတယ်။

(၃) တန်ဖိုးတစ်ခု ပေးနိုင်အောင် လုပ်ပါ

A young man working on his laptop

Photo: Unsplash

ကိုယ့်စီးပွားရေးက စံရှိတဲ့ စီးပွားရေးမျိုး ဖြစ်အောင် အမြဲပုံဖော်နေဖို့ လိုပါတယ်။ Social Media ပေါ်မှာ လူတွေက ကိုယ့် Brand အကြောင်း ကိုယ့် Page အကြောင်း ပြောနေတဲ့အခါ ပြောသမျှက Value တစ်ခု ပါနေဖို့ လိုပါတယ်။ ဥပမာ- ကိုယ့်ဖောက်သည်တွေ Page မှာ လာစုံစမ်းတဲ့အခါ ချက်ချင်း Reply လုပ်တာတို့ ၊ ပစ္စည်းပို့/ယူ ကိစ္စတွေကို ကတိအတိုင်း မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ပေးတာတို့ လိုမျိုး ဖြစ်ပါတယ်။ ဖောက်သည်တွေကို တန်ဖိုးတစ်ခုခု ပေးတယ်ဆိုတာ ကိုယ်နဲ့ဖောက်သည်အကြား ယုံကြည်မှုအခင်းအကျင်းတစ်ရပ် ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။

မတ် ဂေါင်းလာ့တ်ဆိုတဲ့ ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးကတော့ “Social Media ဆိုတာ သင့်စီးပွားရေးအကြောင်း မဟုတ်ဘူး။ လူတွေအကြောင်းပဲ ဖြစ်တယ်။ အဲ့ဒါကြောင့် လူတွေအတွက် အထောက်အပံ့သာ ပေးလိုက် ၊ ဒါဆို လူတွေက သင့်ကို ပြန်စောင်မလိမ့်မယ်” လို့ ပြောဖူးပါတယ်။ ဒီစကားအတိုင်းပါပဲ။ လူတွေအတွက် တန်ဖိုးတစ်ခု ပေးနိုင်ဖို့ သာ ကြိုးစားပါ ၊ အောင်မြင်လာပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

Featured Photo: growebsrl