တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတွေတောင် ဆယ်ခါမှာ တစ်ခါလောက်တော့ ရန်ဖြစ်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်ကြတယ်ဆိုရင်တောင်မှ အချင်းချင်းအပြန်အလှန်နားလည်မှုပေးပြီး စိတ်လျော့လိုက်မယ်ဆိုရင်တော့ သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို အတူတူလျှောက်လှမ်းနိုင်ပါတယ်။
သင်ရော သင့်ချစ်သူကောင်မလေးနဲ့ ဘယ်လိုအကြောင်းအရာတွေကြောင့် အများဆုံးရန်ဖြစ်နေရပါသလဲ။ ရန်ဖြစ်ရတဲ့အကြောင်းအရင်းကို သိမယ်ဆိုရင်တော့ ပြန်လည်ဖြေရှင်းနည်းကိုလည်း သိနိုင်ပါတယ်။
အခုဆက်ဖော်ပြပေးမှာကတော့ ချစ်သူစုံတွဲတော်တော်များများ ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေနဲ့ ထိုပြဿနာများကို ပြန်လည်ပြေလည်အောင် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်မှုအားနည်းခြင်း

Photo Source: Vaughantherapy.ca
တစ်ယောက်က သည်းကြီးမည်းကြီး ဖုန်းသုံးနေတဲ့အချိန်မှာ ကျန်တစ်ယောက်ရဲ့ပြောစကားတွေကို ခေါင်းထဲဝင်မှာမဟုတ်ပါဘူး။ ထိုအချက်သည် ယနေ့ခေတ်သမီးရည်းစားစုံတွဲများ၊ လက်ထပ်ပြီးခါစ အိမ်ထောင်ဖက်များ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။
ဒီပြဿနာအတွက် ဖြေရှင်းနည်းကတော့ သင့်ထံမှာ အရေးကြီးကိစ္စပြောစရာမရှိဘူးဆိုရင် ဖုန်းကို ဘေးနားချထားကာ ကိုယ့်ကောင်မလေးပြောတာကို သေချာနားထောင်ပေးလိုက်ပါ။ ကိုယ်က အရေးကြီးကိစ္စ၊ အလုပ်ကိစ္စနဲ့ ဖုန်းသုံးနေရတာဆိုရင်တော့ ကိုယ့်ကောင်မလေးကို အရင်ဦးဆုံးနားလည်အောင် ရှင်းပြထားပါ။
သဝန်တိုခြင်း

Photo Source: Freepik.com
သဝန်တိုခြင်းသည် ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုပါ။ ဒါပေမဲ့ အလွန်အကျွံ သဝန်မတိုဖို့တော့လိုပါတယ်။ တွေ့သမျှလူတိုင်းနဲ့ ပေးစားနေမယ်ဆိုရင်တော့ မိမိလက်တွဲဖော်ရဲ့ကိုယ်ကျင့်တရားကို မယုံကြည်ရာကျပါတယ်။ သဝန်တိုလွန်းတတ်တဲ့သူတွေလည်း ရှိသလို လုံးဝ သဝန်မတိုတတ်တဲ့သူတွေလည်းရှိပါတယ်။ သဝန်မတိုပြန်ရင်လည်း သူ့ကို မချစ်ဘူးလို့ ထင်တတ်ကြပါတယ်။
ဘယ်အရာမဆို တစ်ဖက်စွန်း ရောက်လွန်းတာ မကောင်းပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပါတယ်။ အချို့ကလည်း ချစ်သူဖြစ်ပြီး သုံးလကြာပြီး အချို့ကလည်း တစ်နှစ်လောက် ကြာတတ်ပါတယ်။ ယုံကြည်မှုသည် တည်ဆောက်ရခက်ခဲသလောက် ပျက်စီးသွားရင်တော့ အင်မတန်လွယ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မလိမ်ညာပါနဲ့။ ရိုးသားမှုရှိဖို့လိုပါတယ်။
ငွေရေး ကြေးရေးပြဿနာ

Photo Source: Freepik.com
သမီးရည်းစားကာလမှာတော့ ငွေရေး ကြေးရေးပြဿနာသည် အရမ်းကြီး မကြီးကျယ်ပါဘူး။ ဘယ်အချိန်မှာ ပြဿနာကြုံနိုင်လဲဆိုတော့ လက်ထပ်ပြီးခါစအချိန်မှာပါ။ လက်မထပ်ခင်တုန်းကတော့ သင်တို့နှစ်ယောက်စလုံး အိမ်ရဲ့စားဝတ်နေရေး၊ မီတာခပေးချေရေး စတာတွေကို ပူပန်စရာမလိုဘဲ နေထိုင်ခဲ့ပြီးခါမှ အိမ်ထောင်ကျပြီးရင်တော့ ထိုတာဝန်သည် သင်တို့နှစ်ယောက်စလုံးမှာရှိသွားပါပြီ။
အကောင်းဆုံးဖြေရှင်းနည်းကတော့ Joint အကောင့်ကို ဘဏ်မှာ ဖွင့်ထားလိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဝင်ငွေ (သို့) အကြွေးတွေကိုလည်း ဖုံးကွယ်မထားပါနဲ့။ လက်ထပ်ပြီးတဲ့အခါ တစ်ယောက်ချင်းစီရဲ့ပန်းတိုင်ထက်စာရင် မိသားစုပန်းတိုင် ထားခြင်းသည် ပိုပြီးအဆင်ပြေပါတယ်။ အသုံးအဖြုန်းလည်း မကြီးသင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန် ဖေးမဖို့လိုပါတယ်။
Source: Webmd.com
