ထက်မြက်ပြီး ကြင်နာတတ်တဲ့ ချစ်သူ၊ ခင်ပွန်းတွေက သူတို့ရဲ့ ချစ်သူ၊ အိမ်သူသက်ထားကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားလို ခံစားရအောင် ချစ်ခင်ကြင်နာပြတတ်ကြပါတယ်။ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်းကို ဖော်ပြဖို့အတွက် တန်ဖိုးကြီးပစ္စည်းတွေမလိုအပ်သလို သင့်ကို တကယ်ချစ်တဲ့မိန်းကလေးကလည်း သင့်ရဲ့ ကြင်နာတတ်တဲ့အပြုအမူအသေးအဖွဲလေးကို သူမအတွက် ပြုလုပ်ပေးမယ်ဆိုရင် အတိုင်းမသိ ဝမ်းသာတတ်ကြပါတယ်။

ကောင်မလေးတွေက ဘယ်လိုအပြုအမူလေးတွေကို ကြွေလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) သူမအတွက် အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးခြင်း

လက်ဆောင်အကြီးကြီး၊ တန်ဖိုးကြီးတဲ့အရာ လက်ဆောင်ပေးဖို့မလိုပါဘူး။ သူမရဲ့နာမည်ကို စာလုံးဖော်ပြီး လက်ဆောင်ပေးခြင်း၊ ဒါမှမဟုတ် ကိုယ်တတ်သလောက် မှတ်သလောက် ပြုလုပ်ပြီး လက်ဆောင်ပေးခြင်းက သူမရဲ့ နှလုံးသားကို အရည်ပျော်ကျစေနိုင်တယ်ဆိုတာ သင် သိပါသလား။

(၂) စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံရိုက်ပေးခြင်း

ကောင်မလေးတိုင်းတော့မဟုတ်ပေမယ့် ၁၀၀ မှာ အယောက် ၉၀ လောက်က ဓာတ်ပုံအရိုက်ခံရတာ ဝါသနာပါတတ်ကြပါတယ်။ သူမအတွက် ဓာတ်ပုံလှလှလေးရအောင် ရှုထောင့်မျိုးစုံ၊ ဘက်ပေါင်းစုံကနေ ရိုက်တတ်ရပါမယ်။ မြေကြီးပေါ်မှာ လှဲပြီးဓာတ်ပုံရိုက်သင့်ရင်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းရိုက်ပေးတတ်ရပါမယ်။

(၃) သူမအတွက် ဟင်းချက်ပေးခြင်း

သူမချက်ကျွေးတဲ့ဟင်းကို စားရတာ ကြိုက်နှစ်သက်တယ်ဆိုရင် သူမအတွက်လည်း တစ်လှည့်ပြန်ချက်ပြုတ်ကျွေးလိုက်ပါ။ သမီးရည်းစားဘဝမှာလည်း သူမအတွက် အိမ်ကနေ ပြင်ဆင်ချက်ပြုတ်ပေးသွားသလိုပဲ အိမ်ထောင်ရက်သားကျတဲ့အခါမှာလည်း မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ နှစ်ယောက်သားအပေးအယူမျှဖို့ လိုပါတယ်။ ဒါမှလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

(၄) အသေးအဖွဲလေးကအစ ဂရုစိုက်ပေးခြင်း

မိန်းကလေးတွေဆိုတာ သူတို့ကို ချစ်ခင်ကြင်နာပြရင် ပျော်ရွှင်တတ်ကြတဲ့သူတွေပါ။ အထူးသဖြင့် သူတို့ရဲ့ချစ်သူက ဂရုစိုက်ပေးရင် ပိုလို့တောင် ပျော်ရွှင်တတ်ကြပါတယ်။ ဆွဲကြိုးဝတ်နေတဲ့အချိန် ဆံပင်ကိုင်ထားပေးခြင်း၊ နေပူထဲထွက်တဲ့အချိန် သူမအတွက် အရိပ်ရအောင် ထီးမိုးပေးခြင်း၊ သူမ ရေသန့်ဘူးဖွင့်ရခက်ချိန်မှာ ပြောစရာမလိုဘဲ အလိုက်တသိဖွင့်ပေးခြင်း စတဲ့ အသွေးအဖွဲလေးတွေကို စိတ်ပါလက်ပါနဲ့ အလိုက်တသိပြုလုပ်ပေးလိုက်ပါ။ သင့်ကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အချစ်တိုးလာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

ချစ်သူကို သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ ကွီးတို့အတွက် အပိုဆုအနေနဲ့ ထပ်ဆောင်းပြောပြချင်တာကတော့ တကယ်လို့ ကိုယ့်ကောင်မလေးက လက်သည်းနီ၊ ခြေသည်းနီဆိုးရတာ ကြိုက်တယ်ဆိုရင် လက်သည်းနီဆိုးပေးလို့လည်း ရပါသေးတယ်။

ဒီအချက်လေးတွေ လိုက်လုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့လည်း ကိုယ့်ကောင်မလေး အိပ်မက်ထဲက မြင်းဖြူစီးလာတဲ့ ရွှေမင်းသားလေးဖြစ်နိုင်ပြီပေါ့။

Source: Brightside.me