လူတိုင်းက အောင်မြင်ပျော်ရွှင်တဲ့ဘဝ၊ အများက အထင်ကြီးအားကျရလောက်တဲ့ လူနေမှုဘဝလေးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုကိုတော့ လူတိုင်းမလုပ်ချင်ကြပါဘူး။ ကြိုးစားအားထုတ်မှု မစိုက်ထုတ်ချင်တဲ့သူတွေ၊ ရေသာခိုချင်တဲ့သူတွေကတော့ အကြောင်းပြချက်မျိုးစုံပေးပါလိမ့်မယ်။ ကိုယ်ကိုတိုင်လည်း ထိုအထဲမှာ ပါမနေဖို့ အထူးသတိထားသင့်ပါတယ်။ ဒါမှ အဆင့်တန်းမြင့်ပြီး ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

စာဖတ်သူတို့လည်း ကိုယ့်ဘဝကို လက်ရှိအနေအထားထက် ပိုမိုတိုးတက်လာအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့်အချက်လေးတွေကို လိုက်နာပေးလိုက်ပါ။

ကိုယ်မြင်သမျှအရာတိုင်းကို မယုံပါနဲ့။

Source: Freepik.com

လူအများက ဖေ့ဘွတ်ခ်တို့၊ အင်စတာဂရမ်တို့မှာ သူတို့အောင်မြင်ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားကြောင်း ဓာတ်ပုံလေးတွေနဲ့ သက်သေပြတတ်ကြပါတယ်။ သင့်ရဲ့ မသိစိတ်ကလည်း သူတို့ရဲ့ဘဝကို အားကျစိတ်တွေ ဝင်ကောင်းဝင်နိုင်ပါတယ်။ ဒါပေမဲ့ ဖေ့ဘွတ်မှာ ပုံတင်တယ်ဆိုတာ လှပတဲ့ပုံတွေပဲ ရွေးတင်ကြတာပါ။ သူတို့ဖော်ပြတဲ့ အပြင်ပန်းအလှကိုသာ သင်မြင်ရတာပါ။ သူတို့တွေက ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို့ သင် ထင်မြင်နိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ သင်က သူတို့ကို အထင်ကြီးအားကျပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေ ဝင်လာပါလိမ့်မယ်။ ထိုသိမ်ငယ်စိတ်က သင့်ကို တဖြည်းဖြည်းဝါးမျိုလာပြီး ဒုက္ခကောင်းကောင်းပေးပါလိမ့်မယ်။

ဒီလိုပြောလို့ သူတပါးကို အထင်သေးနှိမ့်ချရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းက ကိုယ့်ဘဝတိုက်ပွဲကို ကိုယ်တိုင်နိုင်အောင် တိုက်ယူရတာပါ။ ဒါ့ကြောင့် မြင်မြင်သမျှအရာတိုင်းကို မှန်ကန်တယ်လို့ တစ်ဖက်သတ်ကောက်ချက်မချပါနဲ့။ သင် မသိသေးတဲ့အရာတွေ အများကြီးရှိနိုင်ပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေကို ချစ်တတ်ပါစေ။

Source: Freepik.com

သင့်ကို မလိုမုန်းထားတဲ့သူတွေက သင့်ကို မကောင်းတဲ့စိတ်နဲ့ ကဲ့ရဲ့တဲ့အခါ သူတို့ကို အဖတ်လုပ်၊ အချိန်ပေးပြီး ပြန်မတိုက်ခိုက်ပါနဲ့။ သင့် စိတ်ပဲ ညစ်ညူးရပါလိမ့်မယ်။ အဲ့ဒီအစား သင့်ရဲ့ ဒေါသကို ကြိုးစားမှုရဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် ပြန်လည်အသုံးပြုရင်း ကိုယ်က ဘယ်လိုလူစားလဲဆိုတာ သူတို့ကို ပြန်လည်ပြသလိုက်ပါ။ အားနည်းသူတစ်ယောက်အဖြစ် သူတို့ရဲ့ တံတွေးခွက်မှာ ပက်လက်မမျောဘဲ အောင်နိုင်သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ရပါမယ်။

မိမိရဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ အလှအပကို ဂရုစိုက်ပါ။

Source: Freepik.com

သင့်ရဲ့ ကျန်းမာရေးကိုမှ ဂရုမစိုက်နိုင်ရင် အခြားအရာတွေကိုလည်း ဂရုစိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အာဟာရမျှတနေအောင်စားပါ၊ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့အစားအစာတွေစားပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။

ကိုယ်ရဲ့ မိသားစု၊ ချစ်သူ ခင်သူ၊ သူငယ်ချင်း မိတ်ဆွေတွေကို တန်ဖိုးထားပါ။

Source: Freepik.com

လောကကြီးမှာ တစ်ယောက်တည်းရှင်သန်ရပ်တည်လို့ မရပါဘူး။ အပေါင်းအသင်းမရှိ ဘယ်သူနဲ့မှ အရောမဝင်ဘဲ၊ တစ်ယောက်တည်းနေတတ်တဲ့သူက အထီးကျန်ဆန်တတ်တာကြောင့် စိတ်ကျရောဂါခံစားရနိုင်ချေရှိပါတယ်။ ဒီလိုပြောလို့ အခြားသူကို အမြဲတမ်းအမှီသဟဲပြုပြီး မှီခိုနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခါတလေမှာ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးပါ။ မိသားစုဝင်များအတွက် အချိန်ပေးပါ။ သင် အသက်ကြီးလာတဲ့တစ်ချိန်မှာ သင့်အတွက် အကျိုးယုတ်မှာမဟုတ်ပါဘူး။