ယူကေက ဆရာဝန်တစ်ဦးကတော့ ပိုးသတ်လက်ဆေးဆပ်ပြာမှာ ပါတဲ့ ပါဝင်ပစ္စည်းနှစ်ခုဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တယ်လို့ ပြောထားပါတယ်။ Doctor-4-U အွန်လိုင်းဝန်ဆောင်မှုမှ ‌‌ဒေါက်တာဒိုင်ယာနာဂေါက လက်ဆေးဆပ်ပြာဝယ်မယ်ဆိုရင် Triclosan နဲ့ Triclocarban ပါဝင်သလားကြည့်ဖို့ တိုက်တွန်းထားပါတယ်။

Photo: Metro

” အခုချိန်က ကိုရိုနာဗိုင်းရပ်စ်ကြောက်လို့ ဘက်တီးရီးယားပိုးသေစေမယ့် လက်ဆေးဆပ်ပြာတွေ ဝယ်လှောင်နေကြချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ ဆပ်ပြာတွေမှာပါတဲ့ ဘက်တီးရီးယားနဲ့ မှိုသတ်ပေးတဲ့ ပါဝင်ပစ္စည်းတွေက လူရဲ့ ကိုယ်ခံအားစနစ်ကို ဆိုးဆိုးဝါးဝါး သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။” လို့ ‌‌ဒေါက်တာ ဒိုင်ယာနာက ရှင်းပြထားပါတယ်။

လက်ဆေးဆပ်ပြာမဝယ်ခင်မှာ ဆပ်ပြာရဲ့ ပါဝင်ပစ္စည်းအမယ်စာရင်းမှာ Triclosan နဲ့ Triclocarban ပါမပါ ကြည့်ဖို့ ဒေါက်တာ ဒိုင်ယာနာက ဆိုပါတယ်။ ဒီဓါတုပစ္စည်းနှစ်ခုဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ အရေပြားပေါ်မှာ မှီတင်းနေထိုင်နေတဲ့ အသုံးဝင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်နိုင်တာကြောင့် ကိုယ်ခံအားစနစ်လုံခြုံရေးကို လျော့လျဲစေနိုင်ပါတယ်။

Photo: ibtimes

Triclosan နဲ့ Triclocarban ဟာ ဘက်တီးရီးယားပိုးသတ်ဖို့ ရည်ရွယ်ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေက Antimicrobials တွေအနေနဲ့ စတင်ထုတ်လုပ်ခဲ့တာပါ။ ဒီဓါတုပစ္စည်းတွေကို ကိုယ်တိုက်ဆပ်ပြာ ၊ အဝတ်လျှော်ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေလိုမျိုး လူသုံးကုန်တွေမှာ သုံးနေကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ဟာ ဒီဒြပ်ပေါင်းနှစ်ခုပါတဲ့ လက်ဆေးဆပ်ပြာတွေ ရောင်းချမှု ပိတ်ခဲ့ပါတယ်။လက်ရှိဈေးကွက်ထဲမှာလည်း Triclosan နဲ့ Triclocarban တို့ ပါတဲ့ လက်ဆေးဆပ်ပြာတစ်ချို့ကို မြင်တွေ့ရဆဲ ဖြစ်လို့ COVID-19 ကာကွယ်ဖို့ ဆပ်ပြာဝယ်မယ်ဆိုရင် အညွှန်းသေချာဖတ်ကြည့်ဖို့တော့ လိုမှာပါ။