ဒီဇင်ဘာရောက်ပြီဆိုရင် ဝန်းကျင်တခိုမှာ နှင်းတွေ စိုလာပါပြီ။ လွတ်လပ်ပျော်ပါးကြတဲ့ လူငယ်များကလည်း မီးပုံဖိုကာ သီချင်းတွေဆိုကြပါပြီ။ နှင်းတွေအကြားမှာ ကြားရတဲ့ သီချင်းအများစုက ဒီဇင်ဘာသီချင်းတွေ။ ဒီဇင်ဘာ သီချင်းတွေကလည်း နည်းမှ မနည်းပဲကိုး။

ရာသီရဲ့ စေ့ဆော်မှု ၊ ခရစ္စမတ်ကာလရဲ့ ငယ်ဘဝ တမ်းတအပျော်တွေအပြင် မြင်ရခဲတဲ့ နှင်းမှုန်တွေအကြားက ရှုမြင်ကွင်းတွေကလည်း အနုပညာသွေးကို တစ်စစ်စစ် လှုံ့နှိုးနိုင်စွမ်း ရှိတယ်မဟုတ်လား။ ဒီလိုမျိုး ရသနှိုးနိုင်စွမ်း မြင့်လှတဲ့ ဒီဇင်ဘာရာသီကူး သီချင်းကောင်းတွေထဲကမှ လက်ရွေးစင်သီချင်းရွေးထုတ်တာ သိပ်တော့ မတရားလှပါဘူး။ ဒါပေမယ့်လည်း ဒီဇင်ဘာနဲ့ လိုက်ဖက်မှုအရှိဆုံးလို့ ယူဆထားတဲ့ သီချင်းကောင်းတချို့ကို ရွေးနှုတ်တင်ဆက်လိုက်ပါရစေ။

(၁) Back To December

တေလာဆွစ်ဖ်ရဲ့ Back To December သီချင်းဟာ သူမရဲ့ ရည်းစားဟောင်း မင်းသားတေလာ လော့သ်နာနဲ့ အမှတ်တရကနေ ခံစားရေးဖွဲ့သီဆိုထားတယ်လို့ ဆိုပါတယ်။ “ကိုယ့်ကို တွေ့ဖို့ အချိန်ပေးတာ ဝမ်းသာလိုက်တာ ။ အဆင်ပြေရဲ့လား။ မိဘတွေရော နေကောင်းကြလား” စာသားတွေနောက်ကွယ်မှာ ပြဿနာတချို့ကို ဖြေရှင်းဖို့ ဒီဇင်ဘာဆီ ပြန်လာခဲ့ပြီတဲ့။ ဒီဇင်ဘာရောက်ရင် အရာရာ အဆင်ပြေသွားမလား။

(၂) December

အရီယာနာ ဂရန်ဒီရဲ့ December ကတော့ တေလာဆွစ်ဖ်ရဲ့ ဒီဇင်ဘာနဲ့ ကွဲပြားပါတယ်။ ဒီဇင်ဘာရောက်ရင် ဘာတွေ လုပ်ကြမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး မြူးမြူးကြွကြွ လေသံနဲ့ ပြောပြနေတာပါ။ “ဒီဇင်ဘာရောက်ရင် ကိုယ်ပြောရဲတယ်။ မင်းက ကိုယ့်တစ်ကိုယ့်လုံး အနွေးထည်အပြည့်ဝတ်ခိုင်းပြီး ကိုယ့်ကို မင်းအိမ်ခေါ်သွားမယ်။ မီးရောင်တွေအောက်မှာ ကိုယ် ဘယ်လိုနေလဲ ကြည့်မယ်။ ဘာပဲလုပ်လုပ် တိတ်တိတ်ဆိတ်ဆိတ်လေး”တဲ့။ သီချင်းလေးက တိုပေမယ့် ချစ်စရာကောင်းနေပါတယ်။

(၃) Remember December

အမေရိကန်အဆိုတော် ဒီမီလိုဗာတိုရဲ့ Remember December သီချင်းက သူမရဲ့ ဒုတိယမြောက် စတူဒီယို အယ်လ်ဘမ် Here We Go Again မှာ ပါတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဂျွန်ဖီးဒ်စ် ၊ လိုဗာတိုနဲ့ အန်နီ ပရီဗန်တို့ ‌ရေးထားတာပါ။ Pop Rock သံစဉ်နဲ့ ဆိုထားပြီး ဝေဖန်သူတွေ ချီးကျူးတာခံရတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ “လက်မလျှော့လိုက်နဲ့ လက်မလျှော့လိုက်နဲ့ ကျေးဇူးပြုပြီး အမှတ်ရနေပါ”။ ဒီဇင်ဘာလမှာ မြူးမြူးကြွကြွ ဒီဇင်ဘာသီချင်းကောင်းလေး နားထောင်ချင်ရင်တော့ ဒီသီချင်းလေး ‌ရွေးသင့်ပါတယ်။

(၄) December Day

ဝီလီနယ်လ်ဆင်ရဲ့ အေးအေးသာသာ အသံအဆွဲအတောက်တွေကို နားထောင်ဖူးသူတိုင်း ကြိုက်ကြပါတယ်။ December Day က သူ့ရဲ့ အကောင်းဆုံး သီချင်းတွေထဲကတစ်ပုဒ်ဖြစ်ပြီး ၁၉၇၁ ထွက် Yesterday’s Wine အယ်လ်ဘမ်ထဲမှာ ပါပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

(၅) Something About December

ငြိမ့်ငြိမ့်ညောင်းညောင်း ဒီဇင်ဘာသီချင်းကောင်းတစ်ပုဒ်က Something About December သီချင်းပါပဲ။ ခရစ္စတီးနား ပါရီဆိုထားတဲ့ ဒီဇင်ဘာအလွမ်း သီချင်းတစ်ပုဒ်ပါ။ အဝေးတစ်နေရာမှာ ရောက်နေပြီး ဒီဇင်ဘာအမှတ်တရတစ်ခုကို ပြောနေတာကို နားထောင်ရမှာပါ။

Featured Photo: Flickr