လူငယ် Gen Z မျိုးဆက်အတွက် TikTok ဟာ ကိုယ်ပိုင်အမှတ်အသားနဲ့ အရည်အချင်းတွေ ချပြရာ ပလက်ဖောင်းလို ဖြစ်လာနေပါပြီ။ နောက်ပိုင်းမှာ TikTok ဟာ Facebook ထက်ကို ဆယ်ကျော်သက်တွေအကြားမှာ ထူးထူးကဲကဲ ရေပန်းစားလာနိုင်ပါတယ်။ Short Video ရုပ်သံတိုလေးတွေ တင်နိုင်တဲ့ ဒီ App ဟာ နောက်ခံ Song Clip လေးတွေနဲ့ ၃ မိနစ်အထိ ရှည်တဲ့ ဗွီဒီယိုလေးတွေ ဖန်တီးနိုင်အောင်လုပ်ထားတာ ဖြစ်ပါတယ်။ TikTok လူကြိုက်များလာမှုနဲ့အတူ ဗွီဒီယိုနောက်ခံတေးအဖြစ် သုံးတဲ့ သီချင်းတွေကလည်း TikToker တွေအကြား နာမည် ‘ပေါက်’ လာကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ၂၀၂၁ ခုနှစ်တုန်းက TikTok ပေါ် ရောက်လာပြီး ရေပန်းစားခဲ့တဲ့ သီချင်းတချို့အကြောင်းကို ကွီးတို့အတွက် ရွေးချယ်တင်ဆက်ထားပါတယ်။
(၁) K8do ft. Meez – “Go Off”
၂၀၂၁ စက်တင်ဘာ ၆ ရက်နေ့က YouTube မှာ လွှင့်တင်ခဲ့တဲ့ Go Off သီချင်းဟာ TikTok ပေါ်မှာ ပြန်သုံးကြတဲ့ ဗွီဒီယိုပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိခဲ့ပါတယ်။ TikTok ဝါသနာအိုးတွေဟာ ဒီသီချင်းနဲ့အတူ ပုံစံမျိုးစုံနဲ့ သရုပ်ဆောင်တာ ၊ ကခုန်တာတွေ လုပ်ခဲ့ပြီး #gooffchallenge နဲ့တောင် Challenge ခေါ်တာတွေ လုပ်ခဲ့ပါတယ်။ Kado Saverz ဆိုတဲ့ YouTube Channel ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၆ ရက်နေ့ကမှ ဖန်တီးခဲ့တဲ့ ချန်နယ်ဖြစ်ပြီး K8do ft. Meez – “Go Off” အပါအဝင် ဗွီဒီယို ၃ ခုပဲ တင်ထားပေမယ့် Go Off ရဲ့ အောင်မြင်မှုကြောင့် YouTube မှာ Subscriber ၇ ထောင်ကျော်နဲ့ ကြည့်ရှုမှု ၂.၄ သန်းကျော် ရှိထားပြီ ဖြစ်ပါတယ်။
(၂) Alemeda – “Gonna Bleach My Eyebrows”
မျက်နှာသစ်အဆိုတော် Alemeda ရဲ့ Gonna Bleach My Eyebrows သီချင်းဟာ နားထောင်သူတွေကို သတ္တိ ၊ လွတ်လပ်မှုနဲ့ ပင်ကိုယ်သဘာဝကို ပြန်ခိုင်မာစေတဲ့ သီချင်းပါ။ TikTok သုံးစွဲသူတွေက ဒီသီချင်းကို Before & Afters ပြကွက်တွေနဲ့ ဗွီဒီယိုတွေ ဖန်တီးရာမှာ သုံးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မြှင့်တင်လိုက်ကြောင်း အနုပညာနဲ့ ဖော်ပြတဲ့ Song Clip ပါပဲ။
(၃) Capella Grey – “Gyalis”
နယူးယော့ခ်ဖွား Capella Grey ဟာ ၂၀၂၀ မှာ သူ့ရဲ့ ဂီတလမ်းကြောင်းထဲ ဝင်ရောက်ခဲ့ပြီးနောက် တစ်နှစ်အကြာမှာ ၂၀၂၁ ဇန်နဝါရီလထဲမှာ GYALIS ဆိုတဲ့ သီချင်းကို ချပြခဲ့ပါတယ်။ ဒီသီချင်းသစ်က လူမှုကွန်ရက်ပေါ် အကြီးအကျယ် ‘ပေါက်’သွားခဲ့ပြီး နယူးယော့ခ်သား TikTok သုံးသူတွေအကြားမှာ ရေပန်းစားခဲ့ပါတယ်။ Chris Brown နဲ့ Popcaan တို့နဲ့ Remix လုပ်လာကြပါတယ်။
(၄) PinkPantheress – “Break It Off”
အသက် ၂၁ နှစ်အရွယ် လူငယ်အင်္ဂလန်အဆိုတော် PinkPantheress ဟာ Gen Z တစ်ယောက်ပီပီ ဖန်တီးမှုအားကောင်းသလို သူမရဲ့ သီချင်းတွေကလည်း TikTok မှာ နာမည်ကြီးပါတယ်။ ၂၀၂၁ ခုနှစ်ထဲက အသစ်ထွက်ခဲ့တဲ့ Break It Off ၊ Pain နဲ့ I Must Apologize တို့ ဟာ TikTok ပေါ်မှာ လူကြိုက်များခဲ့ပါတယ်။ PinkPantheress ကိုယ်တိုင်လည်း TikTok ပလက်ဖောင်းပေါ်မှာ Followers ၁ သန်းကျော် ရှိထားပါတယ်။
(၅) Nardo Wick – “Who Want Smoke?”
ဒီသီချင်းကလည်း TikTok ပေါ်မှာ အတော်များများ ကြားဖူးကြမယ့် နာမည်ကြီးသီချင်းမျိုးပါ။ အမေရိကန်ရက်ပ်ပါ Nardo Wick ဟာ အသက် ၂၀ ကျော်ပဲ ရှိသေးတဲ့ လူငယ်အဆိုတော်ဖြစ်ပြီး Who Want Smoke? က သူ့ရဲ့ နာမည်အကြီးဆုံးသီချင်းလည်း ဖြစ်ပါတယ်။ TikTok ပေါ်မှာ ဒီသီချင်းထဲက Rap စာပိုဒ်တစ်ခုဖြစ်တဲ့ What The Fuck Is That? , What The Fuck Is That? စာသားတွေကို သုံးပြီး ဗွီဒီယိုတွေ ဖန်တီးကြပါတယ်။ Who Want Smoke သီချင်းဟာ TikTok သုံးသူတွေအပြင် နာမည်ကြီး Artists နဲ့ Creators တွေ ဖြစ်ကြတဲ့ G Herbo ၊ Lil Durk နဲ့ 21 Savage တို့ရဲ့ အာရုံကိုပါ ဖမ်းစားနိုင်ခဲ့ပါတယ်။
Featured Photo: TechRadar