ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အီကာဒီဟာ ပြီးခဲ့တဲ့ အပတ်က ဒေါ့မွန်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားခွင့်မရဘဲ အရန်ခုံမှာသာ ထိုင်နေခဲ့၇တဲ့အတွက် ဒေါသထွက်ထွက်နဲ့ ထိုင်ခုံတွေကို ပစ်ပေါက်ခဲ့သလို ရာသီကုန်မှာလည်း အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ ပြင်သစ်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
Photo: sempreinter
အသက်၂၇ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ဒီရာသီအစမှာ အင်တာမီလန်အသင်းကနေ ပီအက်စ်ဂျီအသင်းထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ယင်းအချိန်ကစပြီး ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကစားခွင့်ရရှိထားခဲ့ရာမှာ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီကာဒီအနေနဲ့ အသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တွေမှာ နေမာနဲ့ ဘတ်ပီတို့ရဲ့ နောက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း နည်းပြ တူချယ်ရဲ့ လူစားဝင်ကစားသမားအဖြစ်တောင် အသုံးပြုခြင်းမခံခဲ့ရတဲ့အတွက် ဒေါသအိုးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
Photo: Bleacher Report
သတင်းတွေအရ ဒေါ့မွန်အသင်းနဲ့ ပွဲမတိုင်မီ ပွဲထွက်ကစားရမယ့် အသင်းလူစာရင်းကို ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတစ်ဦးက အီကာဒီကို ပြသခဲ့ရာမှာ အီကာဒီက ပွဲထွက်လူစာရင်းမှာ ၎င်းရဲ့နာမည်ကို မမြင်တွေ့ခဲ့ရတာကြောင့် ဒေါသတကြီးနဲ့ အနီးနားမှာ ရှိတဲ့ ထိုင်ခုံတွေကို ပစ်ပေါက်ခဲ့ကြီး အခန်းထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်နေခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင်ကတည်းက ပီအက်စ်ဂျီအသင်းဟာ အီကာဒီကို အငှားစာချုပ်ပြည့်ပါက အင်တာမီလန်အသင်းထံ ပြန်လွှတ်ဖို့ စီစဉ်နေတာဖြစ်တဲ့အတွက် အီကာဒီအနေနဲ့ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းမှာ ဆက်လက်ရှိမနေတော့ဖို့က ပိုများသွားပြီဖြစ်ပြီး နောက်ထပ် အသင်းသစ်ကို ရှာဖွေဖို့ ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။