အထီးကျန်မှုဆိုတာ အရွယ်မရွေး လူတန်းစားမရွေး ဖြစ်နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ဖြစ်နေချိန်မှာ အထီးကျန်မှုဟာ ပိုလို့တောင် အဖြစ်များနေကြတာ ဖြစ်ပါတယ်။
ကပ်ဘေးကာလ စိတ်ထိခိုက်မှုတွေထဲမှာ ဖြစ်တတ်တဲ့ စိတ်ရှုပ်ထွေးနောက်ကျိမှုနဲ့ စိတ်ဓါတ်ကျဆင်းမှုဟာ ပြင်းထန်တဲ့ အထီးကျန်ခံစားမှုနဲ့ ဆက်စပ်နေကြတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အထီးကျန်မှုဟာ အခြေအနေဆိုးလာလေလေ စိုးရိမ်စရာကောင်းလေလေပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်းဖြစ်နေပြီး အထီးကျန်နေတယ် ခံစားရတယ်ဆိုရင် ၁၀ မိနစ်လောက် ဖုန်းပြောဖို့ သုတေသီတွေက အကြံပြုထားပါတယ်။

Photo: Freepik
စိတ်ငြီးငွေ့အထီးကျန်နေချိန်မှာ လူတစ်ယောက်ယောက်နဲ့ ၁၀ မိနစ်ခန့် ဖုန်းပြောခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိတယ်လို့ JAMA Psychiatry က ထုတ်ပြန်တဲ့ ဆေးသုတေသနစာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ လူပေါင်း ၂၄၀ ပါဝင်ခဲ့တာ ဖြစ်ပြီး လူတစ်ဝက်ကို သတ်မှတ်ထားတဲ့ လအတွင်း ဖုန်းခေါ်ဆိုမှုအတိုလေးတွေ လုပ်ဆောင်စေခဲ့ပြီး ကျန်သူတွေကို ဒီအတိုင်း ကိုယ်နေတဲ့ အခန်းထဲမှာပဲ ထားတာ ဖြစ်ပါတယ်။
လေ့လာမှုသစ်အရ တစ်ပတ်အတွင်း အကြိမ်ရေ များများ ဖုန်းတိုခေါ်ဆိုမှု လုပ်တဲ့သူတွေဟာ ကိုယ့်အခန်းထဲမှာပဲ ကိုယ်နေပြီး တခြားသူတွေနဲ့ မဆက်သွယ်တဲ့သူတွေထက် အထီးကျန်မှု ပိုသက်သာရာရတယ်လို့ ဆိုပါတယ်။ လေ့လာမှုမှာတော့ ဖုန်းတို ခေါ်ဆိုမှုလုပ်တဲ့သူတွေဟာ ပျမ်းမျှ ၂၀% အထီးကျန်မှု လျော့နည်းတယ်လို့ ပြောထားပါတယ်။ သုတေသီတွေဟာ အထီးကျန်မှုပမာဏကို ၃ ကနေ ၉ အထိ သတ်မှတ်ထားပြီး လေ့လာခဲ့တာပါ။

Photo: Freepik
လေ့လာမှုအစမှာ ပါဝင်သူတွေဟာ ပျမ်းမျှ အထီးကျန်မှုရမှတ် ၆.၅ မှတ် ရှိခဲ့ရာကနေ လေ့လာမှုအပြီးမှာ ၅.၂ မှတ်ကို ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ထဲမှာ အထီးကျန်ခံစားရပြီဆိုရင် တစ်ယောက်ယောက်ကို ဖုန်းဆက်ဖို့ အကြံပြုလိုက်ရပါတယ်။
