တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ မော်ရင်ဟိုဟာ ၎င်းရဲ့အသင်း အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ထုတ်ပယ်ခြင်းကိုခံခဲ့ရတဲ့ တပည့်ဟောင်းဖြစ်သူ ဖရန့်လမ်းပတ်အတွက် ဝမ်းနည်းမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို နည်းပြခဲ့စဉ်တုန်းက လမ်းပတ်ကို နည်းပြခဲ့ဖူးသူဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၂ ကြိမ်အထိ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်နဲ့ မော်ရင်ဟိုဟာ အကြိမ်ပေါင်းများစွာ ပြိုင်ဘက်နည်းပြတွေအဖြစ် ရင်ဆိုင်ခဲ့ရဖူးပြီး ၎င်းရဲ့ နည်းပြဘဝမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်အဖြစ် လမ်းပတ်ကို ဖော်ပြခဲ့ပါတယ်။

Photo: thestar

ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ ထုတ်ပယ်ခြင်းကို မခံရမီမှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လထဲကို ရောက်ရှိနေသူဖြစ်ပြီး မော်ရင်ဟိုက ဒီဖြစ်ရပ်ဟာ ကြမ်းကြုတ်ရက်စက်တဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ သဘာဝသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျားသိလား။ ကျွန်တော်ကတော့ ဖရန့် ကျွန်တော့်ကို စကားပြောချင်မယ် ဒါမှမဟုတ် သူ့ရဲ့ မိသားစုနဲ့ သူငယ်ချင်းအရင်းကြီးတွေကိုတောင် သူ့အနီးနားမှာ ရှိနေစေချင်မယ် မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် လုပ်ဖော်ကိုင်ဘက်တွေ သူတို့အလုပ်တွေ ဆုံးရှုံးတဲ့အချိန်တိုင်း ကျွန်တော် အမြဲတမ်း ဝမ်းနည်းမိတယ်။ ဟုတ်တာပေါ့။ ဖရန့်က လုပ်ဖော်ကိုင်ဘက်သက်သက်မဟုတ်ပါဘူး”

Photo: ESPN

“သူက ကျွန်တော့် နည်းပြဘဝသက်တမ်းမှာ အရေးကြီးတဲ့လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့လို့ သူ့အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့ရတာပေါ့။ ဒါပေမယ့် ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဘက်တွေထဲက တစ်ဦးက ကျွန်တော့်ကို ပြောခဲ့သလိုပဲ။ ဒါက ဘောလုံးလောကရဲ့ ကြမ်းကြုတ်ရက်စက်မှုပဲ။ အထူးသဖြင့် ခေတ်သစ်ဘောလုံးလောကရဲ့ ကြမ်းကြုတ်ရက်စက်မှုပဲ”

“အဲဒီတော့ ခင်ဗျား နည်းပြတစ်ယောက်ဖြစ်လာပြီဆိုရင် ခင်ဗျား သိထားရမယ့်ဟာက အနှေးနဲ့အမြန် ခင်ဗျား အဲဒီလို ဖြစ်လာမယ်ဆိုတာပဲ”လို့ ပြောကြားခဲ့ပါတယ်။