ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ အသက်ရှင်နေထိုင်ကြပြီး လူသားတိုင်းမှာ အချစ်နဲ့ မကင်းသူများပဲဖြစ်ပါတယ်။ ၅၂၈ အချစ်လား၊ ၁၅၀၀ အချစ်လား အမျိုးမျိုးပါပဲ။ ၅၂၈ ကတော့ အေးမျှ နွေးထွေးတဲ့အချစ်ဆိုတော့ ဘာပြဿနာမှ မရှိပါဘူး။ ရယူပိုင်ဆိုင်လိုစိတ်လည်း မရှိကြပါဘူး။ ဒါပေမဲ့ ၁၅၀၀ အချစ်မှာတော့ အချစ်နဲ့ ရယူလိုမှုတို့သည် ရောပြွမ်းလာပြီပဲဖြစ်ပါတယ်။ ရယူလိုမှုတွေထဲမှာ လိင်စိတ်တပ်မက်မှုသည်လည်း တစ်ခု အပါအဝင်ပါပဲ။ ချစ်သူများအကြား သဘာဝအလျောက် ဖြစ်တည်လာတဲ့ လိုအင်ဆန္ဒ တပ်မက်မှုသည်လည်း ထိန်းချုပ်မရနိုင်တဲ့အရာတစ်ခုပါပဲ။ ဒါဆိုရင်တော့ STD က အချိုလည်း မဟုတ်၊ အချဥ် လည်းမဟုတ်၊ စိတ်ညစ်ဖို့ကောင်းတဲ့ ရောဂါတစ်ခုဆိုတာကိုတော့ သိထားဖို့ လိုအပ်ပါလိမ့်မယ်။
STD ဆိုတာ ဘာလဲ
STD ဆိုတာကတော့ Sexually Transmitted Diseases လိင်အင်္ဂါမှတဆင့် ကူးစက်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ကို STI (Sexually Transmitted Infections) လို့လည်း ခေါ်ပါသေးတယ်။ STD ထဲမှာ ဘယ်လိုရောဂါတွေ ပါဝင်သလဲဆိုရင်
- ကလက်မီးဒီးယား Chlamydia
- လိင်အင်္ဂါကြွက်နို့
- ဆီးပူညောင်းကျရောဂါ
- HIV
- အသည်းရောင် အသားဝါ
- HPV နှင့်
- ကာလသားရောဂါ အစရှိတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။
မပြောကောင်း မဆိုကောင်း ကွီးတို့ဆီမှာ လိင်အင်္ဂါ ကြွက်နို့၊ ဆီးပူညောင်းကျနှင့် ကာလသားရောဂါတို့ ရှိနေတဲ့အခါ HIV ဖြစ်ပွားနိုင်ချေသည်လည်း အင်မတန်မြင့်မားသွားပြီပဲ ဖြစ်ပါတယ်။ တစ်ဖန်လင်ယောကျာ်းဖြစ်သူကနေ မိန်းမဖြစ်သူထံကူးစက်မယ်၊ ထိုအမျိုးသမီးက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာဆိုရင် မွေးလာတဲ့ကလေးသည် လမစေ့ပဲ မွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးလာတဲ့ကလေးသည် ဥာဏ်ရည်မမှီခြင်း၊ ဥာဏ်ရည်မှီသော်လည်း အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲကလေးအဖြစ် မွေးဖွားလာတတ်ပါတယ်။ ဒါ့ကြောင့် ကာလသားရောဂါ တိုက်ဖျက်ရေး ငှာနတွေကနေ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကာလသားရောဂါ ရှိမရှိ စစ်ဆေးခိုင်းလေ့ရှိပါတယ်။ တကယ်လို့ရှီလာခဲ့တဲ့အခါ ဆေးကုသပေးခြင်းအားဖြင့် သန္ဓေသားကို မထိခိုက်စေဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါ့ကြောင့် STD က အချဥ် တော့ မဟုတ်ပါဘူး။ မျိုးဆက်အလိုက် ဒုက္ခပေးတတ်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ဘယ်အရာမှ လက်တည့်မစမ်းတာ အကောင်းဆုံးပါပဲ။
လက္ခဏာများ
လိင်မှတဆင့် ကူးစက်တဲ့ ရောဂါဆိုတော့ လိင်အင်္ဂါပေါ်မှာပဲ ဖြစ်တာလား။
မဟုတ်ပါဘူး။ တချို့ကလည်း လိင်အင်္ဂါပေါ်မှာ အနာ ပေါ်လာတတ်ပြီး အချို့ကလည်း အနာ မပေါ်ဘဲ ရောဂါရှိနေတာတွေ ဖြစ်တတ်ပါတယ်။ အနာ မဖြစ်တဲ့သူတွေကျတော့ လိင်အင်္ဂါပေါ်မှာ လက္ခဏာပြတာမဟုတ်ဘဲ သွေးထဲမှာ ရောဂါရှိနေတာဖြစ်ပါတယ်။
စစချင်းမှာတော့ ယားယံပြီး အနာဖြစ်လာမယ်၊ အရေပြားပြဲပြီး ထိုအနာသည် ၉ ရက်ကနေ ရက် ၉၀ ကျော်တဲ့အခါမှာတော့ အနီကွက်လေးတွေ ပေါ်လာတတ်ပါတယ်။ သွားပြရမှာရှက်ပြီး ဆေးမြီးတိုတွေနဲ့ လက်တည့်စမ်းနေတဲ့အခါမှာလည်း ရောဂါလက္ခဏာ မပြတတ်ဘဲ ကုမရလောက်အောင် ရောဂါကျွမ်းသွားတော့မှ အသည်းအသန်တွေဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် မျိုးပွားအင်္ဂါမှာ မဖြစ်ဘူးဆိုတိုင်းလည်း စိတ်ချလက်ချမနေသင့်ပါဘူး။ ခန္ဓာကိုယ် အရေပြားပေါ်မှာ အနီကွက်ဖြစ်လာတာနဲ့ သံသယဖြစ်စရာမို့ စစ်ဆေးကြည့်သင့်ပါတယ်။
ကဲ… ဒါဆိုရင် ဒီလိုမျိုး စိတ်ညစ်စရာကောင်းတဲ့ ရောဂါကို ကိုယ့်ဆီမှာ ဖြစ်မလာစေဖို့အရေး ကြိုတင် ကာကွယ်ဖို့ ရယ်ဒီပဲလား ညိုကီတို့။
Source: Who.int
Featured Image: Freepik