လူအတော်များများဟာ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ အကြွေးတွေ ရှိတတ်ပါတယ်။ တစ်ချို့အကြွေးတွေဟာ ရက်ပိုင်းလောက်နဲ့ ပြန်ဆပ်လို့ ရနိုင်ပေမယ့် တစ်ချို့အကြွေးတွေကျတော့ နှစ်တွေအကြာကြီးအထိ အချိန်ယူပြီးမှ ပြန်ဆပ်နိုင်တာတွေလည်း ရှိပါတယ်။
တကယ်တော့ အကြွေးဆိုတာ လူတစ်ယောက်ကို နှောင်ဖွဲ့ထားတဲ့ စိတ်ဆင်းရဲစရာ အရှုပ်ထုပ်ကြီး ဖြစ်ပြီး အကြွေးရှိသူဟာ လူမှုရေးအရပါ မျက်နှာပန်းမလှ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကြွေးကင်းတဲ့ လူဖြစ်ဖို့အတွက် အခုကစပြီး ဒီနည်းလမ်းတွေကို လိုက်နာဖို့ မျှဝေလိုက်ပါတယ်။
(၁) အကြွေးမတင်အောင် ဂရုစိုက်ပါ
Photo: Freepik
ကိုယ့်မှာ အကြွေး ရှိနေပြီးသားဆိုရင်တော့ အဲ့ဒီအကြွေးကို အရင်ဆပ်ရမှာပါ။ အကြွေးဆပ်ဖို့အတွက် ကြိုးစားနေချိန်မှာ နောက်ထပ် အကြွေးတွေ မတင်အောင် ငွေကို လွယ်လွယ်ချေးငှားတာမျိုး ရှောင်ပါ။ လိုချင်ပေမယ့် မဝယ်သင့်တဲ့ ပစ္စည်းတွေကို မဝယ်ဖြစ်အောင် စိတ်ကို ထိန်းချုပ်သင့်ပါတယ်။
ကိုယ့်ဝင်ငွေထဲကနေ အကြွေးဆပ်ဖို့ ရည်ရွယ်ပြီး နေ့တိုင်း ဖဲ့ဖဲ့ပြီး သိမ်းထားသင့်ပါတယ်။ လစာနဲ့ ရတယ်ဆိုရင်လည်း လစာထဲက ကိုယ်အတတ်နိုင်ဆုံး ရာခိုင်နှုန်းကို ဖြတ်ထားပြီး အကြွေးအတွက် ချန်ထားသင့်ပါတယ်။ အဲဒီငွေဟာ အကြွေးဆပ်ဖို့ ဖြစ်ပြီး ဆပ်ဖြစ်အောင်လည်း ဆပ်သင့်ပါတယ်။
(၂) လစဉ်အသုံး သတိပြုပါ
Photo: Freepik
ဒီခေတ်ကြီးဟာ လိုချင်စရာတွေ များလှတဲ့ ခေတ်ကြီး ဖြစ်ပါတယ်။ ဟိုဟာဝယ်ချင် ဒီဟာဝယ်ချင် ဖြစ်ရာကနေ တစ်လတစ်လ အကြွေးတွေလည်း မဆပ်နိုင် ၊ လုံးချာလည် လိုက်အောင် ဖြစ်တတ်ပါတယ်။ ဒီတော့ တစ်လအသုံးစရိတ်ကို ကြပ်ကြပ်မတ်မတ် စာရင်းထားသင့်ပါတယ်။ နေ့တိုင်း ကိုယ့်ရဲ့ ငွေသုံးစာရင်းကို သတိထားပါ။ ငွေသုံးမလွန်အောင် ကိုယ့်ကိုယ်ကို အမြဲသတိပေးပါ။ အကောင်းဆုံးက နေ့တိုင်း စာရင်းစာအုပ်လုပ်ပြီး အသုံးစာရင်းကို အမြဲ စစ်ဆေးနေပေးတာပါပဲ။
(၃) ငွေစုတဲ့ အကျင့်လုပ်ပါ
Photo: Freepik
တစ်ချိန်ချိန်မှာ အရေးပေါ် ငွေလိုတယ်ဆိုတာ ဖြစ်လာနိုင်ပါတယ်။ ငွေရှာနိုင်တုန်းမှာ ငွေကို စုဖြစ်အောင် စုပါ။ ငွေမစုမိလို့ နောင်တရနိုင်တယ်ဆိုတာ ကြိုပြီး နားလည်ထားပါ။ ငွေစုထားတဲ့ အကျင့်ရှိတာကြောင့် တစ်ချိန်မှာ လုပ်ငန်းပဲ လုပ်လုပ် ၊ သားသမီး ပညာရေးအတွက်ပဲ သုံးသုံး အကျိုးရှိတဲ့ နေရာတွေမှာ ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်။