မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ ပုံမှန်ရုံးချိန်ဇယားနဲ့ ဝန်ထမ်းဘဝဟာ သင့်ရဲ့အဆိုးဆုံး အိပ်မက်ဆိုးတစ်ခု ဖြစ်မယ်ဆိုရင် အဲ့ဒီအိပ်မက်ကို ရှောင်လို့ ရတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်ပိုင်အလုပ်လုပ်တာ ဖြစ်ပါတယ်။
ကျောင်းသားအများစုဟာ ပိုက်ဆံရဖို့ မလုပ်ချင်တဲ့ အလုပ် လုပ်ရတာ ၊ အလုပ်ရှင်ရဲံ စီးပွားရေးရေချိန်ကို လိုက်ပြီး အလုပ်ပြုတ်တာ စတဲ့ မသေချာမှုတွေနဲ့ ပူပန် စိုးရိမ်ရမယ့်အစား ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ဖို့ပဲ ပိုသဘောကျကြပါတယ်။ ဒီလို ကျောင်းသားတွေအတွက် ဘွဲ့ရပြီးတာနဲ့ ကိုယ်ပိုင်လုပ်ငန်းလောကထဲ အဆင်ပြေပြေ ဝင်ရောက်နိုင်အောင် အခုပြောမယ့်အချက်တွေ သိထားဖို့ လိုပါတယ်။

(၁) စီးပွားရေးအမြင်စဉ်းစားထားပါ

Photo: Unsplash

ဘယ်အချိန်မှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ချင်သလဲဆိုတာကို ကိုယ့်ဘာသာ အတိအကျ သိအောင် လုပ်ထားပါ။ စွန့်ဦးတီထွင်လုပ်ငန်းလုပ်ရှင်သူတစ်ယောက်ဟာ အိုင်ဒီယာတစ်ခု မဖြစ်မနေ ရှိထားဖို့ လိုပါတယ်။ သင့်စီးပွားရေး စိတ်ကူးဟာ မမျှော်မှန်းနိုင်အောင် ဆန်းပြားသစ်လွင်နေစရာတော့ မလိုပါဘူး။
ရှိပြီးသား စီးပွားရေး အိုင်ဒီယာတွေထဲက အားနည်းချက် ၊ အားသာချက်တွေ စိစစ်ရွေးထုတ်ပြီး ပိုကောင်းတဲ့ နည်းလမ်းတွေ ရှာ ၊ စီးပွားရေးပုံစံသစ် စတင်လို့ ရပါတယ်။ ဒီအိုင်ဒီယာမျိုးနဲ့ အသေးစားစီးပွားရေးတွေ စလုပ်လို့ ရနိုင်ပါတယ်။

(၂) ဈေးကွက်ကို လေ့လာပါ

Photo: Pexels

စီးပွားရေးအမြင်တစ်ခု ရှိလာပြီ အိုင်ဒီယာတစ်ခု ရလာပြီဆိုရင် ဈေးကွက်ကို သုံးသပ်ကြည့်ဖို့ လိုပါတယ်။ သင့်ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုက ဘယ်လို စားသုံးသူတွေနဲ့ကိုက်ညီတယ် ၊ ပြို်ငဘက်တွေက ဘယ်လိုတွေ လုပ်နေတယ် ၊ အဲဒီပြိုင်ဘက်တွေရဲ့ အားနည်းချက်/အားသာချက်တွေနဲ့ သင်က သူတို့နဲ့ မတူအောင် ဘယ်လို ဝန်ဆောင်မှုပေးနိုင်တယ်ဆိုတာ ကြည့်ရမှာပါ။
ဈေးနှုန်းအရ နှိုင်းယှဉ်တာ ၊ ဝန်ဆောင်မှုအရည်အသွေးနဲ့ စားသုံးသူအလိုက် အသာစီးရနိုင်တာတွေ ကြိုတင် စဉ်းစားထားဖို့ လိုပါတယ်။ ဈေးကွက်ကို နားလည်ခြင်းနဲ့ သင့်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ အားသာချက်ရှိခြင်းက အောင်မြင်တဲ့ စီးပွားရေးတစ်ခု ဦးဆောင်နိုင်ဖို့ ခြေလှမ်းလှမ်းထားတာပဲ ဖြစ်ပါတယ်။

(၃) အစီအစဉ်ချမှတ်ပါ

Photo:  Unsplash

ဒီအဆင့်မှာ စီးပွားရေးအစီအစဉ် Business Plan တစ်ခု ရေးဆွဲရတော့မှာပါ။ ကုန်ကျစရိတ် ဘယ်လောက် ရှိမယ် ၊ လုပ်ငန်းထောင်ဖို့ ဘာတွေ လိုမယ် ၊ ဈေးနှုန်းဘယ်လောက် သတ်မှတ်မယ် ၊ ဘယ်လိုဈေးကွက်ဆင်းမယ် စတာတွေကို ချရေးရမှာပါ။ စီးပွားရေး အမျိုးအစားပေါ် လိုက်ပြီး ရင်းနှီးမြှပ်နှံရမယ့် အချက်တွေ (လိုအပ်ရင်) အတူ ရင်းနှီးမြှပ်နှံမယ့် ပါတနာ ရှာတာမျိုးတွေ လုပ်နိုင်ပါတယ်။

(၄) ရင်းနှီးမြှပ်နှံပါ

Photo: Pexels

ကျောင်းတက်နေတုန်းမှာ စီးပွားရေးဘက် ခြေလှမ်းလှမ်းထားမယ်ဆိုရင် ကိုယ့်အလုပ်အတွက် နည်းနည်းချင်းဖြစ်စေ ရင်းနှီးမြှပ်နှံနေရမှာပါ။ အလုပ်မှာ ရင်းနှီးမြှပ်နှံတယ်ဆိုရာမှာ ငွေကြေးအပြင် အချိန်နဲ့ အားထုတ်မှုတွေ ရင်းနှီးမြှပ်နှံဖို့ပါ လိုပါတယ်။ သင့်စီးပွားရေး အိုင်ဒီယာရဲ့ ပျော့ကွက်ဟာကွက်တေါကို စစ်ဆေးပါ။ တစ်ချိန်မှာ စတင်မယ့် ကိုယ်ပိုင်စီးပွားရေးအတွက် အချိန်ပေးပါ။
ကျောင်းပြီးလို့ အလုပ်လုပ်တော့မယ်ဆိုရင် တရားဝင်ဖြစ်အောင် ဥပဒေကြောင်းအတိုင်း စီးပွားရေး မှတ်ပုံတင်ပါ။ စီးပွားရေးအစီအစဉ်တွေကို ချိန်ညှိပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် လုပ်ဆောင်ပါ။ အလုပ်အတွက် လိုအပ်တဲ့ ဝက်ဘ်ဆိုက်တွေ ၊ ရုံးခန်းတွေ ၊ ဝန်ထမ်းတိုးချဲ့တာတွေကိုလည်း လုပ်ဆောင်ပါ။ ဒါကတော့ Business Development ပိုင်း ဖြစ်ပြီး နောက်ပိုင်းမှာ ပိုပြီး အာရုံစိုက်ရမယ့် အဆင့်တွေ ဖြစ်ပါတယ်။