ဘဝမှာ ကံအကြောင်းမသင့်လို့ ပြဿနာတွေ တက်နေတဲ့ ပြဿဒါးရက်တွေလည်း အများကြီး ကြုံဖူးကြမှာပါပဲ။ လူရယ်လို့ ဖြစ်လာရင် အနိုင်အရှုံး ၊ ပျော်ရွှင် ဝမ်းနည်း ၊ ဆင်းရဲချမ်းသာ စတာတွေက တစ်လှည့်စီကြုံကြမှာ ဓမ္မတာရယ်မို့ ထူးမပြောလိုပါဘူး။ ဒါပေမယ့်လည်း အဆင်မပြေတဲ့နေ့တွေမှာ အရှုံးတွေ ကြုံနေရာကနေ ပြန်နိုးထနိုင်မယ့် နည်းလမ်းလေးတွေတော့ ပြောပြချင်ပါတယ်။

(၁) သေးငယ်တဲ့ ကျေနပ်စရာလေးတွေ မြင်အောင်ကြည့်ပါ

Light In the Hand

Photo: Unsplash

Small Things လေးတွေက အားကြီးတဲ့ စိတ်ခွန်အားပေးနိုင်ပါတယ်။ အောင်မြင်မှုသေးသေး ၊ ကျေနပ်စရာနည်းနည်း ၊ ဝမ်းမြောက်စရာကိစ္စတစ်ခုတလေက အဆိုးတွေ ကြုံနေချိန်မှာ ကိုယ့်ကို ပြန်ရုန်းထနိုင်အောင် နှိုးဆော်နိုင်စွမ်းရှိပါတယ်။ အဆင်မပြေမှုတွေ ကြုံနေတဲ့ နေ့မျိုးမှာ ကိုယ့်ဘဝထဲက ကျေနပ်ဝမ်းမြောက်စရာ ၊ ကျေးဇူးတင်စရာလေးတွေ ရှာကြည့်ပါ။ စိတ်သက်သာရာလည်း ရ အကောင်းမြင်စိတ်နဲ့လည်း နိုးထနိုင်ပါလိမ့်မယ်။

(၂) ကောင်းတာလေးတွေပဲ စာရင်းလုပ်ထားပါ

Lists

Photo: Unsplash

ကိုယ်ကြုံနေရတဲ့အထဲက ကောင်းတဲ့အရာတွေ စုပြီး စာရင်းလုပ်ထားခြင်းကို List of What’s Good လို့ ခေါ်နိုင်ပါတယ်။ ဒီ List လေးတွေက သင့်ရဲ့ မှောင်မိုက်သွားတဲ့ အတွေးတွေကို မီးထွန်းပေးမယ့် ဖယောင်းတိုင်ငယ်လေးတွေလို့တောင် ပြောနိုင်ပါတယ်။ စိတ်ရဲ့သဘောက ထူးဆန်းပါတယ်။ ဒေါသဖြစ်မယ် ၊ အဆင်မပြေဘူးလို့ တွေးနေမယ်ဆိုရင်အဲ့ဒီအတွေးက ကိုယ့်အတွေးနယ်တစ်ခုလုံးကို ဒေါသနဲ့ အဆင်မပြေခြင်းတရားတွေနဲ့ပဲ ကြီးစိုးလွှမ်းမိုးထားတတ်ပါတယ်။ ဒါကြောင့် ကောင်းတာလေးတွေပဲ ရွေးတွေးနိုင်အောင် List လုပ်ထားပါလို့ ပြောချင်ပါတယ်။

(၃) သူငယ်ချင်းတွေကို ရင်ဖွင့်ပါ

Conversation

Photo: Unsplash

သူငယ်ချင်းတွေဆိုတာ သင်ကြုံနေရတဲ့ လောကဓံကို ဖြေဆေးကူ ရှာပေးနိုင်တဲ့လူတွေပါပဲ။ မိတ်ဆွေကောင်းတွေနဲ့ တွေ့ပြီး ကိုယ့်အဆင်မပြေမှု/ပြဿနာအတွက် အကြံတောင်းဖို့ မစိုးရိမ်ပါနဲ့။ လက်ရှိကြုံနေတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ သင့်စိတ်ထဲမှာ မမြင်နိုင်တဲ့ အဖြေတွေကို သင့်မိတ်ဆွေတွေက ကူညီကောင်း ကူညီနိုင်လို့ ဖြစ်ပါတယ်။ အနည်းဆုံးတော့ မိတ်ဆွေကောင်းတွေဟာ သင့်ကို နှစ်သိမ့်ပေးနိုင်မှာအမှန်ပါပဲ။

(၄) တခြားသူတွေအတွက် တစ်ခုခု လုပ်ပေးပါ

Hands

Photo:Unsplash

ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ရမယ်မှန်း မသိအောင် လမ်းပျောက်နေတဲ့အခါ တခြားသူတွေကို လမ်းရှာတွေ့နိုင်အောင် ကူညီပေးလိုက်ပါလို့ ပြောချင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီမျှဝေတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ကယ်တင်နေတာပါပဲ။ ဒါကိုပဲ လောကပါလတရားလို့ ခေါ်ကြတယ်မလား။ လောကပါလတရားကို ကိုယ့်ဆီက စပြီး စီးဆင်းစေခြင်းအားဖြင့် ကောင်းမွန်တောက်ပတဲ့ နေ့ရက်တွေဟာ ကိုယ်အပါအဝင် တခြားသူတွေဆီမှာ ထွန်းလင်းနေမယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်။

Featured Photo: thriveglobal