လူသုံးကုန်နည်းပညာလောကကို ထူးခြားဆန်းသစ်စေခဲ့တဲ့ ထိပ်ထိပ်ကြဲဉာဏ်ကြီးရှင်တစ်ဦးကတော့ စတိဗ်ဂျော့စ် ဖြစ်ပါတယ်။ သူ့ရဲ့ မှော်ဆန်တဲ့ စိတ်ကူးမြော်မြင်မှုတွေကနေ ထွက်လာခဲ့သမျှဟာ မျက်လှည့်လို ဆန်းပြားခဲ့ပါတယ်။ Apple ကို ဒေါ်လာထရီလီယံတန် ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ် ရောက်အောင် အုတ်မြစ်ချခဲ့တဲ့သူ့ဆီမှာ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေအကြောင်း သင်လိုက်ရအောင်ပါ။

စတိဗ်ဂျော့ရဲ့အဆိုအရ အောင်မြင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ စည်းကမ်းနှစ်ခုနဲ့ အနှစ်ချုပ်နိုင်တယ်လို့ ဆိုပါတယ်။ နံပါတ်တစ်အချက်အနေနဲ့ စတိဗ်ဂျော့စ်ပြောခဲ့တာက အောင်မြင်မှု ရဖို့ဆိုရင် ကိုယ်တကယ် ထူးထူးကဲကဲစိတ်အားထက်သန်တဲ့ အရာလုပ်ဖို့ ဖြစ်တယ်လို့ပြောပါတယ်။ အကြောင်းက ရှင်းပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အဖို့ အရာရာက ကြမ်းတမ်းပြီး အတိုက်အခိုက်များတယ်။

Photo: QZ

စိန်ခေါ်မှုပြင်းထန်ပြီး မရေရာမှုတွေ တင်းကြမ်းပြည့်နေတဲ့ အလုပ်မျိုးပါ။ ဒီလိုအလုပ်မျိုးကို လုပ်တဲ့သူဟာ ကိုယ်လုပ်တဲ့အလုပ်ကို နှစ်နှစ်ကာကာ ချစ်နေဖို့လိုပါတယ်။ ချစ်လွန်းလို့ မအိပ်နိုင်မစားနိုင် မစွန့်လွှတ်နိုင်အောင်အထိ အစွဲအလမ်းကြီးပြီး စိတ်အားထက်သန်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အောင်မြင်ဖို့အတွက် အလုပ်ကြိုးစားရမယ် ၊ ဖိအားဒဏ်ခံနိုင်ရမယ် ၊ စိတ်ပါဝင်စားမှု ရှိရမယ်။ စွဲစွဲမြဲမြဲ မွေ့မွေ့လျော်လျော်ကြီး လုပ်ချင်နေရမယ်လို့ ပြောကြပါတယ်။

တကယ်စိတ်အားထက်သန်တဲ့အလုပ်ကို လုပ်နေတဲ့သူကို ဒီလို စည်းကမ်းတွေ နည်းလမ်းတွေတောင် ပြောစရာလိုမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူကိုယ်တိုင်က အဲ့လို နှစ်မြှပ်ပြီး လုပ်နေရတာကို ပျော်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် အရင်ဆုံး ထူးထူးကဲကဲကို စိတ်အားထက်သန်မှုအပြည့် ရှိတဲ့ အလုပ်မျိုးကို လုပ်ပါလို့ စတိဗ်ဂျော့စ်က တိုက်တွန်းတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က တကယ်အရည်အချင်းရှိသူကို ရှာရာမှာ တော်ဖို့ပါတဲ့။ ဟုတ်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို အောင်မြင်အောင် လုပ်တာ အဲ့ဒီအဖွဲ့အစည်းထဲက လူတွေပါပဲ။ဒါကြောင့် ကိုယ့်အဖွဲ့အစည်းမှာ တကယ်တော်တဲ့ အရည်အချင်းရှိတဲ့သူတွေ သူ့နေရာနဲ့သူ ရှိဖို့ လိုပါတယ်။

Photo: Macrumors

“ခင်ဗျား ဘယ်လောက်ပဲ ထက်မြက်ထက်မြက် ခင်ဗျားမှာ တကယ်တော်တဲ့အဖွဲ့တစ်ခု လိုတယ်။ ဒီလူတွေကို ဘက်မလိုက်ဘဲ ဘယ်လိုသေချာအကဲဖြတ် စောင့်ကြည့်ရမလဲဆိုတာ ခင်ဗျား တွက်ချက်ရမယ်။ လူတွေအကြောင်း သိပ်မသိဘဲနဲ့ ဆုံးဖြတ်ချက်ချက်ရမယ်။ အလုပ်ခန့်ရမယ်။ နောက်ပြီး ခင်ဗျား ဘယ်လို လုပ်ရမယ်နဲ့ ခင်ဗျားရဲ့ ပင်ကိုယ်ဗီဇကို ဘယ်လို အရောင်ရမလဲဆိုတာ လေ့လာရမယ်။အဆုံးသတ်မှာတော့ အဖွဲ့အစည်းတစ်ခုဟာ သူ့ဘာသာ တည်ဆောက်နိုင်ရမယ်” လို့ စတိဗ်ဂျော့စ်က ပြောပါတယ်။

ကဲဒီအချက်နှစ်ချက်ကို သိမယ်ဆိုရင် အောင်မြင်ဖို့ လမ်းစရှာရာမှာ သာပြီး လွယ်ကူသွားနိုင်ပါတယ်။