အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်က အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လူးဝစ္စ ဆွာရက်ဇ်ကို ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Luis Suarez

Photo: Daily Post Nigeria

ယခုအပတ်အစောပိုင်းက စပိန်က သတင်းတွေမှာ ဂျရတ်ဟာ ဆွာရက်ဇ်ကို ဗီလာပါ့ခ်ကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ အလေးအနက်စဉ်းစားနေပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ရဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ပါးမီးရပ်စ်၊ ကိုရင်သီယန်နဲ့ အက်သလက်တီကို မင်နဲရိုးတို့ဆီ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

Aston Villa Boss Steven Gerrard

Photo: Goal

ဒါပေမယ့်လည်း စတီဗင် ဂျရတ်က ဆွာရက်ဇ်အနေနဲ့ အက်စတန် ဗီလာအသင်းကို ယခုရာသီကုန်တဲ့အထိ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ဒီအပြောင်းအရွှေ့စျေးကွက်မှာ အထောင်တိုက်စစ်မှူး မလိုချင်ပါဘူး။ ဒါ ကျွန်တော်အရှင်ဆုံးပြောနိုင်တဲ့ စကားပါ။ ဒီလို အပြောင်းအရွှေ့စျေးကွက်အတွင်း အားလုံးက ခေါ်ယူမယ့် ကစားသမားနာမည်တွေ အများကြီး ထွက်ပေါ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် လူးဝစ္စက အရမ်းကောင်းမွန်တယ်ဆိုတာကို ကျွန်တော် သိနေတယ်ဆိုတာ အမှန်ပါပဲ”

Luis Suarez Atletico Madrid

Photo: Marca

“သူက ထိပ်တန်းအဆင့်ဖြစ်ပြီး သူ့ ကစားသမားဘဝတလျှောက်လုံး ကမ္ဘာ့အဆင့် ဘောလုံးသမားဖြစ်ခဲ့တဲ့သူပါ။ အဲဒီတော့ သတင်းတွေထွက်ပေါ်နေတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အထောင်တိုက်စစ်မှူး ရှာဖွေနေတာမဟုတ်ပါဘူး။ ဒီအပြောင်းအရွှေ့ကာလမှာ လူးဝစ္စပဲဖြစ်ဖြစ်၊ တခြားဘယ်သူပဲဖြစ်ဖြစ်ပါ”လို့ ပြောကြားခဲ့ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်းကို လာလီဂါချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ လာလီဂါမှာ သွင်းဂိုး ၇ ဂိုးသာ သွင်းယူနိုင်သေးပြီး ရုန်းကန်နေရတာဖြစ်ပါတယ်။

Featured Photo: Metro