လူတိုင်း အရှုံးနဲ့ ကြုံဖူးခဲ့ကြတာပါပဲ။ အများထက် သာလွန်ကြီးပွားဖို့ဆို တခြားသူတွေ မကြုံဖူးတဲ့ စိန်ခေါ်မှုတွေ ၊ အလဲထိုးခံရမှုတွေ ၊ ရှုံးနိမ့်ကျဆုံးခြင်းတွေ ကြုံရစမြဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အအောင်မြင်ဆုံး ထိပ်တန်းအရောက်ဆုံးပုဂ္ဂိုလ်တွေဆိုတာ လူသာမန်တွေ မကြုံဖူးအောင် အကြီးဆုံး ရှုံးနိမ့်မှုတွေ ကြုံရတယ်လို့ ဆိုကြတာပါ။ မတူတာတစ်ခုက ဒီလူတွေဟာ အရှုံးတွေထဲမှာ ပြိုလဲမသွားဘဲ ကျော်လွှားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို ထိပ်ထိပ်ကြဲ ထိပ်တန်းတက်လှမ်းခဲ့သူတွေထဲက မှတ်သားလောက်အောင် အရှုံးနဲ့ ရင်ဆိုင်ခဲ့ဖူးသူတွေအကြောင်း ပြောပြချင်ပါတယ်။
(၁) အရီယာနာ ဟက်ဖင်တန်
Photo: Inc
ကမ္ဘာကျော် Huffington Post တည်ထောင်သူ ၊ Thrive Global အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူ ဟက်ဖင်တန်လို ကမ္ဘာ့ထိပ်တန်းသတင်းဌာနပိုင်ရှင် နဲ့ စာရေးဆရာကြီးလည်း အရှုံးတွေထဲ အလဲအကွဲ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကမ်းဘရစ်ကျောင်းထွက် ဟက်ဖင်တန်ရဲ့ စာအုပ်ကို ထုတ်ဝေသူ ၃၆ ဦးက ပယ်ချခဲ့ဖူးပါတယ်။ ဟက်ဖင်တန်ရဲ့ ဒုတိယစာအုပ်မထွက်ခင် ကြုံခဲ့ရတဲ့ အတွေ့အကြုံပါ။
သာမန်လူဆို ဒီအတွေ့အကြုံကြောင့် စာတောင် ဆက်ရေးချင်စိတ် ရှိတော့မှာ မဟုတ်ပေမယ့် ဟက်ဖင်တန်က သူယုံကြည်ရာကို ဆက်လှမ်းခဲ့ပါတယ်။ အခုတော့ သူမရဲ့ နာမည်ဟာ ကမ္ဘာသိဖြစ်လာခဲ့သလို သူမတည်ထောင်ခဲ့တဲ့ သတင်းမီဒီယာလုပ်ငန်းစု နဲ့ သူမရေးခဲ့တဲ့ စာအုပ်တွေကလည်း ကမ္ဘာတလွှား ခရီးဆန့်သွားခဲ့ပြီ ဖြ်စပါတယ်။
(၂) ဘီလ်ဂိတ်စ်
Photo: CNBC
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေအကြောင်းပြောရင် ချန်ထားလို့ မရတဲ့ နာမည်တစ်ခုက ဘီလ်ဂိတ်စ်ဆိုတာပါပဲ။ ကမ္ဘာကျော် Microsoft လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့တဲ့ သူဌေးကြီးလည်း အောင်မြင်မှုခရီးကို ချောချောရှုရှု ရောက်ခဲ့တာ မဟုတ်ပါဘူး။စွန့်ဦးတီထွင်မှုလောကထဲ သူစပြီး ဝင်တာက Traf-O-Data ဆိုတဲ့ အချက်အလက်ခြေရာခံမှုဆိုင်ရာ ကုမ္ပဏီနဲ့ ဖြစ်ပါတယ်။
ဒီစီးပွားရေးအိုင်ဒီယာက လုံးဝ စုံးစုံးမြှပ် ရှုံးခဲ့ပါတယ်။ အလုပ်မဖြစ်တဲ့ ထုတ်ကုန်နဲ့ စွန့်ဦးတီထွင်မှုလောကထဲ စပြီး ခြေချခဲ့ပေမယ့် ဒီရှုံးနိမ့်မှုက ဘီလ်ဂိတ်စ်ရဲ့ ခြေလှမ်းတွေကို ဟန့်တားနိုင်စွမ်း မရှိခဲ့ပါဘူး။ နောက်နှစ်အနည်းငယ်အကြာမှာ သူ့ရဲ့ ပထမဆုံးMicrosoft ထုတ်ကုန်ကို စပြီး ဖန်တီးခဲ့ပါတယ်။ Microsoft ကို ဈေးကွက်ဝင် ထုတ်ကုန်ဖြစ်လာဖို့ အသည်းအသန်ကြိုးစားမှုတွေနဲ့ ရင်းတည်ခဲ့ရာကနေ အခုလို ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးအဖြစ်ကို ရောက်လာခဲ့တာပါ။
(၃) ဂျော့ချ် စတိန်းဘရန်နာ
Photo: MSG Networks
အမေရိကန်စီးပွားရေး လုပ်ငန်းရှင်ကြီးလည်း ဖြစ် ၊ Major League ဘေ့စ်ဘောအသင်းတစ်ခုဖြစ်တဲ့ New York Yankees အသင်းပိုင်ရှင်လည်း ဖြစ်တဲ့ ဂျော့ချ်စတိန်းဘရန်နာ ရယ်လို့ ဖြစ်မလာခင် ၁၉၆၀ ခုနှစ်ထဲမှာ Cleveland Pipers လို့ ခေါ်တဲ့ ဘတ်စကတ်ဘောအသင်းငယ်လေးတစ်ခု ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ၁၉၆၂ မှာ အသင်းတစ်ခုလုံး စီးပွားပျက်ပြီး ဒေဝါလီခံသွားခဲ့ဖူးပါတယ်။
ဒီအရှုံးကို သင်ခန်းစာယူပြီး ၇၀ ပြည့်လွန်နှစ်တွေမှာ Yankees အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ အဲ့တုန်းက Yankees အသင်းဟာ အရှုံးပြနေသလို ဆက်တိုက်ဆိုသလို အကျဘက်မှာ ရုန်းကန်နေရတဲ့ အသင်းလည်း ဖြစ်နေပါတယ်။ ၁၉၈၀ ကနေ ၉၀ ပြည့်နှစ်နှစ်တွေအထိ Yankees အသင်းဟာ အရှုံးနွံထဲမှာ တဝဲလည်လည်နဲ့ ရှိနေခဲ့တာကြောင့် စတိန်းဘရန်နာရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အများက ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။
အတိုက်အခိုက်တွေအကြားမှာ စတိန်းဘရန်နာဟာ အသင်းကို မယုံနိုင်လောက်အောင် တိုးတက်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၉၅ နဲ့ ၂၀၀၃ အကြားမှာ World Series ၆ ကြိမ် ဝင်ခဲ့ပြိး မေဂျာလိဂ်ဘတ်စကတ်ဘောအသင်းမှာ အအောင်မြင်ဆုံးနဲ့ အမြတ်အစွန်းအများဆုံး အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ စတိန်းဘရန်နာဟာ ၁၉၇၃ ခုနှစ်ကနေ သူသေတဲ့ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်ချုပ်သွားခဲ့ပါတယ်။
(၄) ဝေါ့ဒစ္စနေ
Photo: TCM
ကာတွန်းချစ်သူတိုင်း ဝေါ့ဒစ္စနေဆိုတဲ့ နာမည်ကို သိကြပါတယ်။ ကမ္ဘာ့အကြီးဆုံး Disney ထုတ်လုပ်ရေးကြီးရဲ့ ဖခင်ကို ၂၀ ရာစုနှစ်ရဲ့ ဖန်တီးမှုအကောင်းဆုံး ပါရမီရှင်အဖြစ် တင်စားကြပေမယ့် တစ်ခါကတော့ သတင်းစာတိုက်တစ်ခုဟာ ဒစ္စနေမှာ ဖန်တီးမှုမရှိဘူးဆိုပြီး အလုပ်က ထုတ်ပယ်ခဲ့ဖူးပါတယ်။ အလုပ်ထုတ်ခံရတဲ့ ဒစ္စနေဟာ သူ့ရဲ့ ပထမဆုံး ကိုယ်ပိုင် အန်နီမေးရှင်းကုမ္ပဏီကို ထောင်ခဲ့ပါတယ်။
Laugh-O-Gram Films လို့ ခေါ်တဲ့ ဒီကုမ္ပဏီ ထောင်ဖို့ ဒေါ်လာ ၁ သောင်းခွဲရှာခဲ့ရပါတယ်။ နောက်တော့ အရေးပါတဲ့ ဖြန့်ဖြူးရေးပါတနာကြောင့် Laugh-O-Gram ပိတ်လို့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပိုက်ဆံတွေ အကုန်ပြောင်ပြီး ငမွဲဘဝကို ရောက်သွားခဲ့တာတောင် စိတ်ဓါတ်ကြံ့ခိုင်တဲ့ ဒစ္စနေက အခွင့်အလမ်းကို ရှာဖွေနိုင်ခဲ့ပြီး အရှုံးကို အနိုင်ပြောင်းခဲ့ပါတယ်။
(၅) စတိဗ်ဂျော့စ်
Photo: Inc
ကိုယ်တိုင် ထူထောင်ထားတဲ့ ကုမ္ပဏီတစ်ခုကနေ အလုပ်ထုတ်ခံရတဲ့သူ ရှားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံကို Apple ကုမ္ပဏီတည်ထောင်သူ စတိဗ်ဂျော့စ်ကတော့ ကောင်းကောင်းကြီး ကြုံတွေ့ခဲ့ပါတယ်။ အသက် ၂၀ ကျော်အရွယ်က သူ့ကိုယ်တိုင် ခြေဗလာလက်ဗလာနဲ့ စပြီး တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ အင်အားကြီးလာတဲ့အခါမှာ ဘုတ်အဖွဲ့ဒါရိုက်တာတွေက စတိဗ်ဂျော့စ်ကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
Apple ကနေ အဝေးကန်ထုတ်ခံရတဲ့ စတိဗ်ဂျော့စ်ဟာ NeXT ဆိုတဲ့ ကုမ္ပဏီသစ်တစ်ခု သူ့ဘာသာ ပြန်တည်ထောင်ခဲ့ပါတယ်။ သူ့ဘဝရဲ့ နောက်ကဏ္ဍတစ်ရပ်လည်း ဖြစ်ပါတယ်။ Apple က အလုပ်ထုတ်ခံရချိန်က အသက် ၃၀ တန်း ။ သူ့ဘဝအတွက် ရင်နာစရာအကောင်းဆုံး အမှတ်တရတွေပါပဲ။ နောက်တော့ သူ့ကို အလုပ်ထုတ်ခဲ့တဲ့ Apple ကပဲ သူ့ရဲ့ NeXT ကုမ္ပဏီကို ပြန်ဝယ်ခဲ့သလို သူ့ကိုပဲ ကုမ္ပဏီကို ပြန်ဦးစီးစေခဲ့ပါတယ်။
စတိဗ်ဂျော့စ်ဟာ Apple ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး လုပ်ငန်းစုကြီးဖြစ်အောင် ဦးဆောင်ခဲ့သလို သူ့အတွေ့အကြုံကနေ နှောင်းလူတို့ သင်ခန်းစာယူဖို့ပါ လမ်းညွှန်ခဲ့သူလည်း ဖြစ်ပါတယ်။
Featured Photo: Inc