ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို အဆိုးရွှားဆုံးထိခိုက်စေတယ်ဆိုတာသိပေမယ့်လည်း ဆေးလိပ်သောက်သူတိုင်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုက ဆေးလိပ်ဖြတ်ခြင်းပါပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ ဒီဆောင်းပါးကိုဖတ်နေတဲ့ သင်က ဆေးလိပ်အမှန်တကယ်ဖြတ်ချင်တဲ့သူတစ်ယောက်ဆိုရင် အထိရောက်ဆုံးနည်းဗျူဟာတစ်ချို့ကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) ဆေးလိပ်ဖြတ်ချင်တဲ့ အကြောင်းအရင်းများကိုချရေးပါ

Source : Shutterstock

ဆေးလိပ်ဖြတ်ချင်တဲ့သူတိုင်းမှာ ဆေးလိပ်ဖြတ်ချင်ရတဲ့အကြောင်းအရင်းဆိုတာရှိကိုရှိပါတယ်။ ဥပမာ ကျန်းမာရေးပိုကောင်းချင်လို့လား ကိုယ့်မိသားစုကို တစ်ဆင့်ခံဆေးလိပ်ငွေ့ရှု့ရသူတွေမဖြစ်စေချင်လို့လား ကလေးတွေကို စံနမူနာအမှားတွေမယူစေချင်လို့လား ပိုက်ဆံချွေတာချင်လို့လား စသည်ဖြင့်အကြောင်းခိုင်မာတဲ့အကြောင်းအရင်းတွေရှိပါလိမ့်မယ်။ဒါတွေကိုချရေးထားပါ။ အကယ်၍ဆေးလိပ်သောက်ဖို့ကြိုးစားမိတိုင်းမှာ ဒီအကြောင်းအရင်းတွေကိုဖတ်မယ်ဆိုရင် သင့်ဆေးလိပ်ဖြတ်သင့်တယ်ဆိုတာကို ပြန်လည်အသိဝင်စေမှာပါ။

(၂) ဆေးလိပ်သောက်နှုန်းကိုလျော့ချပါ

Source : Shutterstock

ဆေးလိပ်ကိုစွဲစွဲမြဲမြဲသောက်လာသူတစ်ယောက်အနေနဲ့ နေ့ချင်းညချင်းဆေးလိပ်ပြတ်ဖို့ဆိုတာ တော်တော်လေးကိုလက်တွေ့မဆန်တဲ့အရာတစ်ခုပါ။ ဆေးလိပ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မပြတ်ဘူးဆိုရင် ဆေးလိပ်လျော့သောက်တဲ့နည်းတဲ့ဖြတ်ကြည့်ပါ။ အရင်ကဆေးလိပ် တစ်နေ့ကို ၅ လိပ်သောက်တယ်ဆိုရင် ဒီနေ့ကစပြီး ၁ ပတ်အတွင်း တစ်နေ့ကို ၃ လိပ်ပဲသောက်မယ်လို့သတ်မှတ်ပါ။ ဒုတိယအပတ်မှာ တစ်နေ့ကို ၂ လိပ်။ တတိယအပတ်မှာလုံးဝမသောက်ပဲနေကြည့်ပါ။ ဒီလိုနည်းနဲ့ တဖြေးဖြေးချင်းဆေးလိပ်ဖြတ်လို့ရနိုင်ပါတယ်။

(၃) ဆေးလိပ်ကင်းစင်တဲ့ ဧရိယာမှာနေပါ

Source : Shutterstock

ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ထားပေမယ့် ဆေးလိပ်သောက်သုံးနေတဲ့ ပတ်ဝန်ကျင်မှာနေနေမယ်ဆိုရင် ဆေးလိပ်သောက်ချင်တဲ့စိတ်ကထိန်းရခက်ခဲနေမှာသေချာပါတယ်။ ဒါကြောင့် ကိုယ့့်ပတ်ဝန်းကျင် အလုပ်ခွင်မှာဆေးလိပ်သောက်သူတွေရှိရင်သူတို့နဲ့ ခပ်ခွာခွာနေပါ။ အကယ်၍ကိုယ်ကိုဆေးလိပ်သောက်ဖို့တိုက်တွန်းခဲ့ရင်လည်း ဆေးလိပ်ဖြတ်နေတဲ့အကြောင်းပြောပြပြီးငြင်းဆန်ဖို့ အားမနာပါနဲ့။ ဆေးလိပ်သောက်လို့မရတဲ့ ရုပ်ရှင်ရုံ စာကြည့်တိုက်လိုနေရာတွေမှာ မကြာခဏသွားနေပါ။

(၄) စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျော့ချပါ

Source : Shutterstock

စိတ်ဖိစီးမှု စိုးရိမ်ပူပင်ခြင်းတွေက ဆေးလိပ်သောက်ချင်စိတ်ကို ပိုဖြစ်စေပြီး ဆေးလိပ်ဖြတ်နေတဲ့ သင့်ရဲ့ ရည်မှန်းချက်ကိုပျက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖီးစီးမှုတွေကို အတက်နိုင်ဆုံးလျော့ချထားပါ။ အကယ်၍ စိတ်ဖိစီးစရာကိစ္စတွေကြုံလာရင်လည်း ဆေးလိပ်သောက်ခြင်းမဟုတ်တဲ့ တခြားသောနည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုလျော့ကျအောင်လုပ်ပါ။ ဥပမာ အသက်ပြင်းပြင်းရှုခြင်း သီချင်းနားထောင်ခြင်း ကိုယ်လက်လှုပ်ရှားမှုပြင်းပြင်းထန်ထန်လုပ်ခြင်း တရားထိုင်ခြင်းစတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပါတယ်။

(၅) ကိုယ့်ကိုယ်ကိုဂုဏ်ပြုပါ

Source : Shutterstock

စုဗူးလေးတစ်ခုဆောင်ထားပြီး ဆေးလိပ်ဝယ်သောက်မယ့် ပိုက်ဆံတွေကို စုဗူးထဲမှာစုသွားပါ။ ဆေးလိပ်သောက်ချင်လာတိုင်း ဆေးလိပ်ဝယ်မယ့်ပိုက်ဆံကို စုဗူးထဲမှာဆုသွားပါ။ ဆေးလိပ်မသောက်ဖြစ်တဲ့ရက်တွေမှာလည်း ကိုယ့်ကိုယ်ကိုချီးမွန်းဂုဏ်ပြုပါ။ ဆေးလိပ်မသောက်တဲ့ရက်တွေများလာတာနဲ့ အမျှ သင့်ရဲ့စုဗူးထဲမှာပိုက်ဆံတွေလည်း များလာမှာဖြစ်ပါတယ်။ ဒီလိုဆေးလိပ်မသောက်ဖြစ်တဲ့ရက်တွေကနေရလာတဲ့ ပိုက်ဆံတွေကို သင့်အကြိုက်ဆုံးအသုံးအဆောင်ပစ္စည်းလေးတွေဝယ်ပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုလိုက်ပါ။

သင့်ပတ်ဝန်းကျင်က ဆေးလိပ်ဖြတ်သူတွေကိုလည်း ဒီနည်းလမ်းတွေ ပြန်လည်မျှဝေပေးလိုက်ပါအုန်းနော်။