ကမ္ဘာမှာ အာရှရယ်လို့ ကျော်ကြားတဲ့ အချက် ၃ ချက်ရှိပါတယ်။ နံပါတ် ၁ က ဧည့်ဝတ်ကျေပွန်မှုပါ။ နံပါတ် ၂ အချက်က ရင်သပ်ရှုမောဖွယ် သဘာဝ တောတောင်ရှုခင်းတွေ ပေါများတာနဲ့ နံပါတ် ၃ အချက်က အရသာရှိတဲ့ လမ်းဘေးအစားအစာ Street Food တွေ အများအပြား ရတာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဟိုဟိုဒီဒီ လျှောက်သွားလျှောက်စား ချင်သူတွေအတွက် Street Food တွေပေါတဲ့ အာရှနိုင်ငံ တွင်းက မြို့ကြီး ၅ မြို့အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) ပီနန်မြို့ – မလေးရှား

Photo : Miss Tam Chiak

ကျွန်တော်တို့ရဲ့ ဆောင်းပါးလေးကို မလေးရှားနိုင်ငံ ပီနန်ကျွန်းမြို့လေးနဲ့ စတင်လိုက်ရအောင်ပါ။ ပီနန်မြို့ဟာ ရင်သပ်ရှုမောဖွယ် ကမ်းခြေတွေ ၊ သာယာလှပတဲ့ ရာသီဥတု အခြေအနေတွေနဲ့ အရသာရှိတဲ့ လမ်းဘေးအစားအစာ Street Foodတွေကြောင့် ကျော်ကြားပါတယ်။ ပီနန်မြို့ရဲ့ အစားအစာတွေကို ထူးခြားစေတာက အိန္ဒိယ ၊ တရုတ် ၊ တမီလ်နဲ့ ဒေသထွက် မလေးဟင်းလျာတွေကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပြီး အစပ် ဟင်းလျာတွေ၊ ခေါက်ဆွဲ ဟင်းပွဲတွေနဲ့ ပင်လယ်စာဟင်းပွဲတွေ နာမည်ကြီးပါတယ်။ ပီနန်မြို့မှာ ရွေးချယ်စရာ Street Food တွေ အများကြီးရှိတာကြောင့် အားလုံးကို ညွှန်းဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လူကြိုက်အများဆုံး စားစရာတစ်ခုကို ပြောပါဆိုရင်တော့ ငါးဆုပ် ၊ ပဲပင်ပေါက်နဲ့ ကြက်ဥပြုတ်တို့နဲ့ ပေါင်းစပ်ထားတဲ့ အုန်းနို့ဟင်းရည် အရသာ ခေါက်ဆွဲဟင်းကို ညွှန်းဆိုပေးရမှာ ဖြစ်ပါတယ်။ တခြားသောအရသာရှိတဲ့ Street Food စားစရာတွေလည်း အများကြီးရှိတာကြောင့် ပီနန်မြို့ဟာ အာရှနိုင်ငံတွေထဲက နာမည်ကြီး Street Food မြို့တော်တစ်ခုပဲ ဖြစ်ပါတယ်။

(၂) ဘန်ကောက်မြို့- ထိုင်း

Photo : Bangkok Has You

အာရှနိုင်ငံ တွင်းက Street Foodပေါတဲ့ မြို့တွေအကြောင်းပြောမယ်ဆိုရင် ဘန်ကောက် မပါပဲ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဘန်ကောက်မြို့ရဲ့ အထင်ကရ နေရာတွေနဲ့ လမ်းဘေးဝဲရာ တလျှောက်မှာ စားချင်စဖွယ် Street Foodတွေ များစွာ ခင်းကျင်းရောင်းချ ပါတယ်။ အဓိကအားဖြင့် ထိုင်းရိုးရာ စားစရာတွေ ၊ ခေါက်ဆွဲဟင်းပွဲတွေ ၊ တရုတ်စတိုင် အကြော်အလှော် ဟင်းပွဲတွေ ၊ အကင်တွေနဲ့ စားချင်စဖွယ် ပြင်ဆင်ထားတဲ့ အချိုပွဲ ၊ အသုပ်နဲ့ ပေါ့ပေါ့ပါးပါး အဆာပြေစားစရာတွေ အများကြီး ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ စားစရာ တော်တော်များများက ချဉ်ငံစပ်အရသာပြင်းပြင်းတွေ ဖြစ်တာကြောင့် ထိထိမိမိရှိတဲ့ အရသာ Street Food တွေကို ကြိုက်တယ်ဆိုတော့ ဘန်ကောက်ကို အလှည်တစ်ခေါက်တော့ သွားဖို့ တိုက်တွန်းချင်ပါတယ်။

(၃) ဟနွိုင်းမြို့ – ဗီယက်နမ်

Photo : Journalist On The Run

သာမန်ထက် ထူးကဲဆန်းသစ်တဲ့ Street Foodစားစရာတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကိုသာ သွားရောက်ဖို့ ပြောချင်ပါတယ်။ ဟနွိုင်းမြို့မှာ လည်ပတ်စရာ အထင်ကရ နေရာတွေအများကြီးရှိသလို ဗီယက်နမ်ရဲ့ အရသာရှိတဲ့ လမ်းဘေးအစားအစာတွေကို မြည်းစမ်းကြည့်နိုင်မယ့် အခွင့်အရေးကောင်း တစ်ခုပါပဲ။ ဟနွိုင်းမြို့ရဲ့ လမ်းဘေးအစားအစာတွေက စားသောက်ဆိုင်တွေက စားစရာတွေထက်ပင် ပိုကောင်းတယ်လို့ ညွှန်းဆိုကြပါတယ်။ ဗီယက်နမ် အစားအစာအများစုက ပင်လယ်စာနဲ့ ဝက်သားကို အဓိကထားပြီး စပါးလင် ၊ ငရုတ်သီး ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ရောစပ်ပြင်ဆင် ချက်ပြုတ်လေ့ရှိပါတယ်။ ဟနွိုင်းမြို့ရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ စားစရာတစ်ခုကတော့ Bun Cha Nem Cua Be Dac Kim လို့ခေါ်တဲ့ ဝက်သားကင်နဲ့ ဆန်ကြာဇံ ၊ အရံစားစရာကိုတော့ ဂဏန်း ကော်ပြန့်ကြော်လေးနဲ့ သာ တွဲစားလိုက်ပါ။ တကယ်ကို ထူးကဲဆန်းသစ်တဲ့ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၄) မနီလာမြို့ – ဖိလစ်ပိုင်

Photo : Culture Trip

Street Food တွေပေါတဲ့ အာရှနိုင်ငံတွေထဲက နောက်ထပ်ထင်ရှားတဲ့ မြို့တစ်မြို့ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမြို့ပါ။ ဖိလစ်ပိုင်လူမျိုးတွေက သရေစာစားခြင်းကို နှစ်သက်ကြပြီး မြို့တော်ရဲ့နေရာအနှံ့အပြားမှာ ဖွင့်လှစ်ရောင်းချနေတဲ့ လမ်းဘေးအစားအစာ ဈေးသည် တွေကို မြင်တွေ့နိုင်ပါတယ်။ ခေါက်ဆွဲပြုတ် ၊ ကော်ပြန့် နဲ့ တုတ်ထိုးအကင်တွေကတော့ မနီလာမြို့ရဲ့ နာမည်ကြီး Street Foodစားစရာတွေဖြစ်ပြီး Bibingka လို့ခေါ်တဲ့ အုန်းသီးကိတ်အပါအဝင် ချိုမြိန်တဲ့ စားချင်စဖွယ် မုန့်မျိုးစုံကိုလည်း မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။

(၅) တိုင်ပေမြို့ – ထိုင်ဝမ်

Photo : Hotels.com

ထိုင်ဝမ်နိုင်ငံ မြို့ကြီးတွေရဲ့ လမ်းမတွေပေါ်မှာ ထိုင်ဝမ်အရသာနဲ့ ရောစပ်ထားတဲ့ တရုတ်ရိုးရာ ဟင်းလျာတွေ ရောင်းချတဲ့ လမ်းဘေးဈေးသည်တွေကို အများအပြား တွေ့နိုင်ပါတယ်။ ဒီထဲမှာ နာမည်အကြီးဆုံးကတော့ တိုင်ပေမြို့ပဲ ဖြစ်ပါတယ်။ တိုင်ပေမြို့ဟာ အရသာရှိတဲ့ Street Foodတွေ အရမ်းကို ပေါများပြီး အဓိကအားဖြင့် အသီးအရွက်တွေနဲ့ ပေါင်းထားတဲ့ ဖက်ထုပ်တွေ ၊ ထိုင်ဝမ်ပင်စိမ်း ခေါက်ဆွဲပြုတ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပါတဲ့ ထိုင်ဝမ်စတိုင် ထမင်းပေါင်း ဟင်းပွဲတွေ အရမ်းကို နာမည်ကြီးပါတယ်။ တိုင်ပေမြို့ရောက်ရင် Street Food တွေ အများအပြားရောင်းချတဲ့ ညဈေးကိုလည်း သွားရောက်လည်ပတ်ဖို့ ညွှန်းပေးချင်ပါတယ်။

Featured Photo : Matador Network