ဒီဘက်ခေတ်မှာ နည်းပညာနဲ့ လူနေမှုအဆင့်အတန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲ လာတာနဲ့ အမျှ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးလာပြီး အရင်ကထက် စိတ်ဖိစီးမှုတွေ များလာကြပါတယ်။ Stress ခေါ်တဲ့ စိတ်ဖိစီးမှုတွေဟာ လူတိုင်း နေ့စဉ်ဘဝမှာ မလွဲမရှောင်သာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာရပ် တစ်ခုပဲ ဖြစ်ပါတယ်။ Stress တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ခေါင်းကိုက်တာ ၊ သွေးတိုးတာ ၊ ရင်ဘတ်အောင့်တာ ၊ အိပ်မပျော်တာ စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခံစားရစေပြီး ရှိရင်းစွဲ ရောဂါအခြေအနေတွေကိုလည်း ပိုမိုဆိုးရွားသွားစေ နိုင်ပါတယ်။ စိတ်ဖိစီးမှု ကင်းဝေးစွာ နေထိုင်နိုင်ဖို့ အစားအသောက်နဲ့ ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပြီး ကျန်းမာတဲ့ နေထိုင်မှုဘဝပုံစံကို ချိန်ညှိဖို့က အဓိကကျပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ စိတ်ဖိစီးမှု များနေချိန်မှာ Stress တွေကို ပြေလျော့စေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်မယ့် သောက်စရာ ၄ မျိုး အကြောင်း ဖြစ်ပါတယ်။
(၁) နွားနို့ ပူပူတစ်ခွက်

Photo : The Kitchen Community
အိန္ဒိယလူမျိုး အများစုကတော့ ညဘက်မှာ နွားနို့ပူပူတစ်ခွက်သောက်တဲ့ အလေ့အထ ရှိကြပါတယ်။ နွားနို့မှာ Tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ပါဝင်ပြီး ၎င်းက စိတ်ခံစားမှုကို ကောင်းမွန်စေပြီး စိတ်ကိုတည်ငြိမ်စေတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။ တစ်နေ့တာလုံး အလုပ်ရဲ့ ဖိအားတွေ ၊ လူမှုရေး ပြဿနာတွေကြောင့် Stress များပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီဆိုရင် အိပ်ရာမဝင်ခင်မှာ နွားနို့ ပူပူလေးတစ်ခွက် သောက်ပေးပါ။ နွားနို့ ပူပူတစ်ခွက်က စိတ်ပိုင်းဆိုင်ရာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းထုတ်ပေးပြီး ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ် ရောင်ရမ်းနာကျင်မှုတွေကို ပြေလျော့စေပြီး ကျန်းမာရေးအကျိုးကျေးဇူး ပိုများချင်တယ် ဆိုရင်တော့ နွားနို့ပူပူ တစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်သောက် ပေးနိုင်ပါတယ်။
(၂) Green Tea

Photo : Newport Beach Dermatology
Green Tea ဟာ ကျန်းမာရေးအတွက် အကောင်းဆုံး သောက်စရာဖျော်ရည် တစ်မျိုးအဖြစ် လူသိများပါတယ်။ တရုတ်နိုင်ငံမှာ ရှေးခေတ်ကတည်းက Green Tea သောက်တဲ့ အလေ့အထကို ကျင့်သုံးခဲ့ကြပြီး ခန္ဓာကိုယ် အလုံးစုံကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့ နတ်ဆေးတစ်ခွက်အဖြစ် လက်ခံယုံကြည် ထားကြပါတယ်။ Green Tea ဟာ ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးနိုင်ပြီး ကိုယ်တွင်း အင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ လေ့လာမှုတွေအရ Green Tea ၄ ခွက်ခန့် နေ့စဉ်ပုံမှန်သောက်သူတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါ ခံစားရနိုင်ခြေနည်းပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အရသာကောင်းပြီး ကျန်းမာရေးအတွက် အကျိုးများတဲ့ Green Tea ဟာ Stress တွေကို တိုက်ထုတ်ပေးနိုင်တဲ့ အကောင်းဆုံး သောက်စရာ တစ်မျိုးဖြစ်ပါတယ်။
(၃) Chamomile လက်ဖက်ရည်

Photo : Sencha Tea Bar
Chamomile လက်ဖက်ရည်ဟာ ဥရောပနိုင်ငံအများစုမှာ လူကြိုက်များတဲ့ ဆေးဖက်ဝင် သောက်စရာ တစ်မျိုးအဖြစ် နာမည်ကြီးပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက Stress တွေ ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အိပ်မပျော်ခြင်းတွေအတွက် Chamomile လက်ဖက်ရည်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ Chamomile Tea မှာ Flavonoid လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပြီး ၎င်းက အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး ကြွက်သားတွေကို ပြေလျော့စေတဲ့အအပြင် ခန္ဓာကိုယ်မှာရှိတဲ့ Serotonin နဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှုကို တိုးမြင့်ပေးတာကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ သက်သာစေကာ ညဘက်ကောင်းစွာ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ Chamomile လက်ဖက်ခြောက်ထုပ် ဒါမှမဟုတ် Chamomile ပန်းပွင့်ကို ရေနွေးပူပူထဲမှာ ၅ မိနစ်ခန့် စိမ်ထားပြီး သောက်ပေးမယ်ဆိုရင် စိတ်ဖိစီးမှု ကင်းကင်းနဲ့ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်မှာ ဖြစ်ပါတယ်။
(၄) အုန်းရေ
Photo : FirstCry Parenting
အုန်းရေဆိုတာကတော့ လူကြီးလူငယ်မရွေး သောက်နိုင်ပြီး အာဟာရကြွယ်ဝမှု ၊ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများမှု တွေနဲ့အတူ ပေါ့ပါးလန်းဆန်းတဲ့ အရသာကြောင့် ကမ္ဘာတစ်ဝှမ်း လူကြိုက်များတဲ့ သောက်စရာတစ်ခု ဖြစ်ပါတယ်။ အုန်းရေမှာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင် C ၊ ကလိုရိုက်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပင်ပန်းနွမ်းနယ်နေချိန်မှာ ခန္ဓာကိုယ်အတွက် ကုန်ခမ်းသွားတဲ့ စွမ်းအင်ကို ပြန်လည် မြှင့်တင်ပေးနိုင်ဖို့ အုန်းရေ သောက်လေ့ရှိကြသလို အုန်းရေဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ကာကွယ်ပေးခြင်း ၊ အုန်းရေမှာပါတဲ့ ပိုတက်စီယမ်ဓာတ်က သွေးဖိအားနဲ့ နှလုံးရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း ၊ ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း ၊ ညဘက်ကောင်းစွာ အိပ်ပျော်စေခြင်းတို့အပြင် Stress နဲ့ စိုးရိမ်ပူပန်တွေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး သဘာဝ သောက်စရာ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။
Featured Photo : Shape Magazine

