အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရီးဇ်မန်းကတော့ ယခုနှစ်ဘောလုံးရာသီ အကုန်တွင် အသင်းနဲ့လက်တွဲဖြုတ်တော့မယ်လို့ သိရပါတယ်။ အသက် (၂၈) နှစ် အရွယ် ပြင်သစ်တိုက်စစ် ကစားသမားဂရီးဇ်မန်းဟာ အက်သလက်တီကိုအသင်းမှာ (၅) နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက်မှာတော့ အခုလိုအသင်းမှထွက်ခွာမယ့်အကြောင်းကို ၎င်းရဲ့ Twitter လူမှုကွန်ယက်ကနေ တစ်ဆင့်အတည်ပြုပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဂရီးဇ်မန်းဟာ ၂၀၁၄ ခုနှစ်မှ စတင်ကာ ဆိုစီဒက်အသင်းကနေ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယခု၂၀၁၉ အထိ ၅ နှစ်တိုင်တိုင်အသင်းနဲ့ လက်တွဲခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Source : FCBarcelona.dk

အက်သလက်တီကိုအသင်းမှ ၅နှစ်တာ ကာလအတွင်း ပွဲပေါင်း (၂၅၆) ပွဲ ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုးစုစုပေါင်း (၁၃၃) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမားကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လက အက်သလက်တီကိုအသင်းနဲ့အတူ နောက်ထပ် (၅) နှစ်စာ စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့သော်လည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ စာချုပ်ပါ သဘောတူညီချက်အရတော့ အခုလိုအသင်းကထွက်ခွာမယ့်အတွက် လျော်ကြေးငွေ ယူရိုသန်း (၁၂၀) ပေးဆောင်သွားရမှာပဲ ဖြစ်ပါတယ်။

Source : Iltalehti

ဂရီးဇ်မန်းအနေနဲ့ ပြောင်းရွှေ့မယ့် အသင်းကို အတိအလင်းကြေငြာခြင်း မရှိပေမယ့် လာမယ့်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းက စာချုပ်လျော်ကြေး ယူရိုသန်း (၁၂၀) ပေးဆောင်ကာ ဂရီးဇ်မန်းအားခေါ်ယူသွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိနေပါတယ်။ ယခုလာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အက်သလက်တီကိုအသင်းနဲ့ လီဗန်တေးအသင်းတို့ လာလီဂါပွဲစဉ်ကတော့ အက်သလက်တီကိုအသင်းမှာ ၎င်းကိုနောက်ဆုံးမြင်တွေ့ရမယ့် ပွဲစဉ်တစ်ပွဲပဲ ဖြစ်ပါတယ်။ ဂရီးဇ်မန်းဟာ အက်သလက်တီကိုအသင်းရဲ့ ကစားသမားသက်တမ်းတစ်လျောက်မှာတော့ ဂိုးသွင်းအများဆုံးတိုက်စစ်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီး အသင်းနဲ့အတူ ဖလား ( ၃) လုံး ထက်မနည်း စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

Source : Sporting Life