ကိုယ်နံ့ပြင်းခြင်း ၊ ချိုင်းချွေးနံ့ဆိုးထွက်ခြင်းဟာ အမျိုးသားတစ်ယောက်အတွက် ဆွဲဆောင်မှု ကျဆင်းစေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ လူကြားသူကြားထဲသွားအခါ ကိုယ့်ကိုယ်က အနံ့ဆိုးတွေထွက်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းလျော့စေမှာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ချွေးနံ့ဆိုးထွက်ခြင်းကို သက်သာစေဖို့ သိထားသင့်တဲ့ဆောင်ရန် ရှောင်ရန်အချက်တချို့ မျှဝေပေးချင်ပါတယ်။

(၁) အိမ်တွင်းကုထုံးတွေ စမ်းသုံးကြည့်ပါ

 Apple Cider Vinegar
Photo : L’OFFICIEL USA

ချွေးနံ့ပျောက်ဖို့ ဈေးကြီးတဲ့ရေမွှေးတွေသုံးမှ မဟုတ်ပါဘူး။ အိမ်တွင်းကုထုံးနည်းလေးတွေနဲ့လည်း ချွေးနံ့ဆိုးထွက်ခြင်းကို သက်သာအောင်လုပ်လို့ရပါတယ်။

ပန်းသီးရှာလကာရည်လိမ်းပါ

ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ သဘာဝအက်စစ်ဓာတ်ရှိပါတယ်။ ချွေးနဲ့အနံ့ဆိုးတွေထွက်လေ့ရှိတဲ့ ချိုင်း ၊ လက်မောင်းအောက်ဘက်လို နေရာတွေကို ပန်းသီးရှာလကာရည်အနည်းငယ်လိမ်းပေးပါ။ ပန်းသီးရှာလကာရည်ကို ရေနဲ့အနည်းငယ်ရောစပ်ပြီး ဂွမ်းစလေးနဲ့ ညင်သာစွာပွတ်လိမ်းပေးနိုင်ပါတယ်။ အနည်းဆုံးတစ်ရက်ကို နှစ်ကြိမ်လိမ်းပေးမယ်ဆိုရင် သိသိသာသာချွေးနံ့ဆိုးထွက်ခြင်းကို သက်သာစေမှာပါ။

(၂) အစားအသောက် ပြောင်းလဲပါ

Young man eating fresh salad after intensive home workout

Photo : Quick Fix

တချို့သော အစားအသောက်တွေဟာ ကွီးတို့ရဲ့ကိုယ်နံ့ကိုပြင်းစေပြီး အနံ့ဆိုးထွက်ခြင်းကိုပိုမို အားကောင်းစေနိုင်ပါတယ်။ ဥပမာ အနီရောင်ရှိတဲ့အသားများ ၊ ပင်လယ်စာ ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဟင်းခတ်အမွှေးအကြိုင် ၊ သကြားပါဝင်မှုများတဲ့အစားအစာတွေ နဲ့ အရက် စတဲ့အစားအသောက်တွေဟာ ချွေးနံ့ဆိုးတွေထွက်စေနိုင်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာချွေးနံ့ဆိုးထွက်ခြင်း ပြဿနာနဲ့ရင်ဆိုင်နေရတယ်ဆိုရင်တော့ အထက်ပါအစားအသောက်တွေကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။ အကောင်းဆုံးကတော့ ရေ လုံလုံလောက်လောက်သောက်ပေးသင့်ပြီး ကြက်သား ၊ လက်ဆတ်တဲ့ဟင်းသီးဟင်းရွက် ၊ အသီးအနှံတွေ စားနိုင်ပါတယ်။

(၃) တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အဆင့်မြှင့်တင်ပါ

Guy standing in front of mirror. Male caring about his body

Photo : iStock

တစ်ကိုယ်ရေသန့်ရှင်းမှု ဆိုင်ရာမှာအားနည်းတာနဲ့အမျှ ခန္ဓာကိုယ်မှာအနံ့ဆိုးထွက်ခြင်းတွေ မလွဲမသွေကြုံရမှာအသေအချာပါပဲ။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ပတ်သတ်ပြီး အဆင့်မြှင့်တင်ဖို့ အကြံပြုချင်ပါတယ်။

တစ်နေ့ကို အနည်းဆုံး မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေ ၂ ကြိမ်ပုံမှန်ချိုးပေးပါ။ ရေချိုးတဲ့အခါ ချိုင်းကြား ၊ ပေါင်ကြား ၊ လက်မောင်းအောက်စသဖြင့် ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်းနေနိုင်တဲ့နေရာတွေကို သေချာဆပ်ပြာတိုက်ချွတ်ပြီး သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ နောက်တစ်ချက်က အမွှေးအမျှင်တွေ ပုံမှန်ရိတ်ပေးဖို့ပါပဲ။အမွှေးအမျှင်တွေဟာ ဘက်တီးရီးယားခိုအောင်းလို့အကောင်းဆုံးနေရာတွေဖြစ်ပြီး ချွေးထွက်လာချိန်မှာ ချွေးနဲ့ဓာတ်ပြုပြီး အနံ့သက်ဆိုးတွေထွက်စေတာပါ။ ဒါကြောင့် ခန္ဓာကိုယ်အမွှေးအမျှင်တွေကို သေချာပေါက် ရှင်းလင်းပေးဖို့လိုပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ အဝတ်အထည်ကို သေချာလျော်ဖွတ်သန့်စင်ပြီးမှာ ဝတ်ဖို့ပါ။ အင်္ကျီအဝတ်အစားတွေကို မလျှော်ပဲပြန်ဝတ်တာမျိုးက ဘက်တီးရီးယားတွေပိုမိုပေါက်ဖွားလာစေနိုင်ပြီး အနံ့ဆိုးတွေထွက်လာစေနိုင်ပါတယ်။ ဒါကြောင့် အဝတ်အစားဝတ်ဆင်တဲ့အခါ တစ်ကြိမ်သာ ဝတ်ဆင်ပြီး ဝတ်ပြီးသား အင်္ကျီအဝတ်အစားတွေကိုလည်း သေချာလျှော်ဖွတ်သန့်စင်ပြီးမှ နောက်တစ်ကြိမ်ပြန်ဝတ်ဖို့ အကြံပြုချင်ပါတယ်။

(၄) လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေဝတ်ပါ

man wearing white Undershirts
Photo : ChatterSource

အဝတ်အစား ဝတ်တဲ့အခါ ချွေးထွက်ခြင်းကို ပိုမိုအားပေးပြီးဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ ကျပ်လွန်းတဲ့ အင်္ကျီတွေ ၊ လှောင်ပိတ်တဲ့အထည်တွေ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒီအစား လေဝင်လေထွက်ကောင်းတဲ့ချည်သား အင်္ကျီတွေ ၊ သက်တောင့်သက်သာရှိတဲ့ ခပ်ပွပွအဝတ်အထည် တွေကိုသာဝတ်ဆင်သင့်ပါတယ်။ Suit တွေ ၊ ရှပ်အင်္ကျီတွေမဖြစ်မနေဝတ်ရတော့မယ်ဆိုရင်လည်း ‌အရည်အသွေးကောင်းမွန်ပြီး စုပ်ယူအားကောင်းတဲ့ Sweatproof အောက်ခံအင်္ကျီတွေကို ဝတ်ပေးပါ။ ချွေးထွက်ခြင်းကိုသက်သာစေပြီး အနံ့သက်ကင်းကင်းနဲ့ ယုံကြည်မှုရှိတဲ့ တစ်ရက်တာကိုဖြတ်သန်းနိုင်မှာပါ။

Featured Photo : Home Decor Bliss