COVID-19 ရဲ့ အမှောင်ရိပ်ကြီးဟာ တစ်ကမ္ဘာလုံးမှာ လွှမ်းခြုံထားပါတယ်။ လူတိုင်းလိုလိုဟာ ကပ်ဘေးကြီးကနေ သက်သာရာရဖို့ ကိုယ်စီကိုယ်စီ အိမ်ထဲမှာပဲ နေနေကြရပါတယ်။ တစ်ခြားအရာတွေထက် ကျန်းမာရေးဟာ ဒီနေ့လိုအချိန်မှာ အရေးကြီးဆုံးအရာဆိုတာ အားလုံးလက်ခံလာကြပါတယ်။

လူတစ်ယောက်ကို ကျန်းမာအောင်/ချူချာအောင် လုပ်ပေးနိုင်တဲ့အရာတွေထဲမှာ နေထိုင်မှုပုံစံကလည်း အဓိကကျပါတယ်။ Black Dog Institute ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတိုင်ပင်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ Black Dog Institute ရဲ့ အဆိုအရ COVID-19 ကြောင့် မသေချာမှုတွေနဲ့ ပြည့်နှက်လာချိန်မှာ စိတ်ရှုပ်ထွေး ဖိစီးမှုဟာ အဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာတစ်ခုလို့ ဆိုပါတယ်။

Photo: mensjournal

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တံခါးပိတ်ပြီး အိမ်ထဲမှာပဲ ငြိမ်ငြိမ်နေသူတွေဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ပြဿနာပိုရှိနိုင်တယ်လို့ ဒီအဖွဲ့အစည်းက ပြောပါတယ်။ LockDown ကာလမှာ စိတ်ကျန်းမာရွှင်လန်းဖို့အတွက် အားကစားဟာ အရေးကြီးတယ်လို့ အဖွဲ့အစည်းရဲ့ ဆေးဝါးဆိုင်ရာ စိတ်ပညာရှင် ဒေါက်တာကတ်သလင်းအိုမိုးရ်က ဆိုပါတယ်။

သူမရဲ့ အဆိုအရ တစ်ပတ်မှာ တစ်နာရီ လေ့ကျင့်ခန်း လုပ်ရင်တောင် စိတ်ဓါတ်ကျခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းကို သိသိသာသာ သက်သာလျော့ပါးစေတယ်လို့ ဆိုပါတယ်။ Black Dog Institute ရဲ့ လေ့လာမှုတစ်ခုအရ အသက်အရွယ် ၊ ကျား/မ မရွေး ခပ်ပြင်းပြင်း လေ့ကျင့်ခန်းတစ်ခုကို ပုံမှန်လုပ်ဆောင်တာဟာ စိတ်ဓါတ်ကျခြင်းကို ကာကွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Photo: istock

“ပုံမှန်လေ့ကျင့်ခန်းတစ်ခု လုပ်နေရင်ကိုပဲ သင့်မှာ အင်ဒေါ်ဖင်းထွက်ဖို့ စိတ်ခံစားချက်တွေ ပိုကောင်းလာပါတယ်။ အကြောင်းကတော့ အားကစားလုပ်တာဟာ မကောင်းမြင်တဲ့ အတွေးတွေကနေ နှောင့်ယှက်မှုကနေ လျော့ပါးစေပြီး မှတ်ဉာဏ်ပိုကောင်းကာ အိပ်လို့ ပျော်စေတဲ့ အကျိုးတွေ ပေးတာကြောင့် ဖြစ်ပါတယ်။” လို့ လေ့လာမှုက ဆိုပါတယ်။

အားကစားနဲ့ စိတ်ခံစားချက်ပေါ် သက်ရောက်မှုကို လေ့လာစောင့်ကြည့်ဖို့ Health Study of Nord-Trondelag County ဟာ အရွယ်ရောက်ပြီး နော်ဝေးနိုင်ငံသား ၃၄၀၀၀ ကို လေ့လာခဲ့ပါတယ်။ လေ့လာမှုအရ ကိုယ်လက်လေ့ကျင့်ခန်း သေးသေးပဲ ဖြစ်ပါစေ ပုံမှန် လုပ်ဆောင်သူတွေဟာ စိတ်ဓါတ်ကျခြင်းကနေ သက်သာရာရတယ်လို့ ဆိုပါတယ်။