ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာက သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ပေါ် သက်ရောက်မှုရှိကြပါတယ်။ အခု သုတေသနသစ်အရဆိုရင် ချိစ်စားပြီး ဝိုင်နီသောက်သုံးပေးခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိမယ်လို့ ယူဆလာပါတယ်။

Journal of Alzheimer’s Disease မှာ ထုတ်ပြန်တဲ့ လေ့လာမှုဟာ ယူကေမှာ ရှိတဲ့ အသက် ၄၆ နှစ်နဲ့ ၇၇ နှစ်အရွယ်အကြား အရွယ်တန်း ပုဂ္ဂိုလ် ၁၇၈၇ ယောက်ကို ၁၀ နှစ်ကြာ လေ့လာခဲ့တဲ့ အချက်အလက်တွေကို ခွဲခြမ်းလေ့လာခဲ့တာပါ။ ဇီဝဆေးဝါးအချက်အလက် Database နဲ့ သုတေသန Resource တွေ စုစည်းထားတဲ့ Biobank ရယူထားတာ ဖြစ်ပါတယ်။

Photo: Yahoo

သုတေသနပညာရှင်တွေဟာ ပါဝင်သူတွေရဲ့ အမြန်စဉ်းစားနိုင်စွမ်းကို လေ့လာတဲ့ Fluid Intelligence Test (FIT) ကို အထူးပြုလေ့လာခဲ့တာပါ။ သုတေသီတွေဟာ လေ့လာမှုမှာ ပါဝင်ခဲ့သူတွေရဲ့ စားသောက်မှုနဲ့ အယ်လ်ကိုဟောသောက်သုံးမှု ပုံစံပါ ခွဲခြားလေ့လာခဲ့ပါတယ်။ ဒီတွေ့ရှိချက်အရ တချို့ အစားအသောက်တွေဟာ မှတ်သိမှုစွမ်းရည်ကျဆင်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

လေ့လာချက်အရ ချိစ်ဟာ အရွယ်ကြောင့်ဖြစ်တဲ့ သတိဉာဏ်မေ့လျော့ခြင်းကို ကာကွယ်မှုအပေးနိုင်ဆုံး အစားအသောက်ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ နေ့တိုင်း ဝိုင်နီသောက်သုံးခြင်းနဲ့ အပတ်စဉ်သိုးသားစားသုံးခြင်း တွေဟာ ဦးနှောက်စွမ်းရည်မြင့်စေအောင် ကူညီပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

Photo: techexplorist

သုတေသနပညာရှင်တွေရဲ့ တွေ့ရှိမှုအရ ဆားဓါတ်မြင့်တဲ့ အစားအသောက်တွေ စားတဲ့သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ အယ်လ်ဇိုင်းမား‌ရောဂါ ဖြစ်နိုင်ခြေလက္ခဏာတွေ ပိုများတာတွေ့ရတယ်လို့ ဆိုပါတယ်။ “ဆားအစားများခြင်းဟာ ကျန်းမာရေးအန္တရာယ်ပိုများစေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။” လို့ သုတေသီတွေက ရေးထားပါတယ်။