ညဘက်တလူလူး တလှိမ့်လှိမ့်နဲ့ အိပ်ပျက်ညတွေ သိပ်များနေသူတွေအတွက် ကီဝီသီးဟာ ဆေးတစ်လက် ဖြစ်နိုင်ပါတယ်။ အစားအသောက်ဟာ လူကို ပြုပြင်တယ်ဆိုတဲ့ စကားအတိုင်း အိပ်မပျော်လွယ်သူတွေဟာ ကဖင်းလိုမျိုး နိုးကြားစေတဲ့ အစားအစာတစ်ခုခု စားမိရင် ပိုပြီး အိပ်ရခက်နိုင်ပါတယ်။
မကြာသေးမီက ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုအရ အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ ကီဝီသီးနှစ်လုံး စားပေးမယ်ဆိုရင် မြန်မြန်ဆန်ဆန် အိပ်ပျော်သွားစေသလို နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်စက်နိုင်စေဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုကတော့ ထိုင်ဝမ်မှာရှိတဲ့ တိုင်ပေဆေးတက္ကသိုလ်က သုတေသီတွေ တစ်လကြာ လေ့လာခဲ့တဲ့ လေ့လာမှုပဲ ဖြစ်ပါတယ်။

Photo: MSN

တိုင်ပေဆေးတက္ကသိုလ်ပညာရှင်တွေဟာ အသက် ၂၀ ကနေ ၅၅ နှစ်အတွင်း အမျိုးသမီး ၂၂ ဦးနဲ့ အမျိုးသား ၂ ဦးကို လေ့လာခဲ့တာပါ။ ဒီလူအားလုံးဟာ အိပ်စက်မှုပြဿနာရှိနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသနမှာ ပါတဲ့ သူတွေတွေကို နေ့တိုင်း ကီဝီသီး စားစေပြီး လေ့လာခဲ့ရာမှာအိပ်စက်မှုကြာချိန် မြင့်လာသလို ပိုပြီးလည်း အိပ်လို့ကောင်းလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

သုတေသနမှာ စမ်းသပ်ခဲ့သူတွေကို အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ ကီဝီသီးနှစ်လုံး စားစေခဲ့ပြီး ရလဒ်တွေကို လေ့လာခဲ့တာပါ။ လက်မှာလည်း အိပ်စက်မှု အရည်အသွေးနဲ့ ကြာမြင့်ချိန် ပုံစံအမျိုးမျိုးကို တိုင်းတာပေးနိုင်မယ့် စမတ် လက်ပတ်နာရီတွေ ပတ်ထားခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုအရ ကီဝီသီးစားသူတွေဟာ အရင်ကထက် ၃၅.၄% ပိုမြန်မြန်ဆန်ဆန် အိပ်ပျော်သွားပြီး အိပ်စက်ချိန်မှာလည်း နိုးကြားနေတဲ့ ကာလဟာ ၂၈.၉% ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

Photo: 1zoom

လေ့လာမှုအရ ကီဝီသီး စားပေးတာဟာ အိပ်စက်မှုကို ပိုကောင်းစေတာ ထင်ရှားနေပါတယ်။ အိပ်ပျော်တဲ့ ကြာချိန်စုစုပေါင်းလည်း ၁၃.၄% တိုးလာတာ ဖြစ်ပါတယ်။ အခုထိတော့ ကီဝီသီးဟာ ပိုပြီး အိပ်ပျော်စေအောင် ဘယ်လိုဓါတ်တွေ ထုတ်သလဲဆိုတာ မသိရသေးပါဘူး။ သုတေသနပညာရှင်တွေကတော့ ဓါတ်တိုးဆန့်ကျင်နှုန်း မြင့်ပြီး Serotonin Levels တက်လာတာကို ထောက်ပြပါတယ်။ ဒါတွေက ပိုပြီး အိပ်လို့ကောင်းစေအောင် အကူအညီပေးတဲ့ ဓါတ်တွေ ဖြစ်ပါတယ်။ ဒီသုတေသနရလဒ်တွေအရ အိပ်မပျော်ဖြစ်နေသူတွေအတွက် ကီဝီသီးစားပေးတာဟာ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။