အသက် ၂၀ ဝန်းကျင်လူငယ်တစ်ယောက်အတွက် အာရုံစိုက်စရာတွေ အများကြီး ရှိမှာပါ။ အရွယ်ရောက်လာတဲ့ လူတစ်ယောက် အနေနဲ့ စိန်ခေါ်မှုတွေ ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ့်ဝင်ငွေ ကိုယ်ရှာရတာတွေ ၊ ဆုံးဖြတ်ချက်သစ်တွေနဲ့ ပညာသစ်တွေ လေ့လာရတာအထိ များပြားလှတဲ့ လုပ်စရာတွေ ရှိလာပါပြီ။ ဒီထဲမှာ သင့်ပုံရိပ်ကို တည်ဆောက်ရတာလည်း ပါဝင်ပါတယ်။

ကိုယ်ပိုင်ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ခြင်းဟာ သင့်ကိုယ်သင် မြှင့်တင်မှုတွေထဲမှာ သင်ထင်တာထက် ပိုပြီး အရေးပါတဲ့ အရာဖြစ်ပါတယ်။ သင့်ရဲ့ စတိုင်ဟာ သင့်ရဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး သင့်ကို လူတွေ မြင်တဲ့ အမြင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ လူငယ်ဘဝမှာ သင့်ကိုယ်သင် ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တစ်ခု ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကို လိုက်နာဖို့ လိုပါတယ်။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ပါ

Photo: Istock

ယုံကြည်မှုရှိခြင်းဟာ ကောင်းမွန်တဲ့ သဘောထားတစ်ရပ်ဖွံ့ဖြိုးအောင် ပျိုးထောင်လိုက်တာ ဖြစ်သလို သင့်ကို ပိုကြည့်လို့ကောင်းအောင် ကူညီပေးလိုက်တာလည်း ဖြစ်ပါတယ်။ လှုပ်ရှားသွားလာတဲ့ အမူအရာ ၊ လူတွေနဲ့ တွေ့ချိန်မှာ စကားပြောဆိုတဲ့ ဟန်ပန်နဲ့ အမြင်အမျိုးမျိုးအပေါ် တည်ကြည်တဲ့ သဘောထား ရှိတာဟာ ပထမအဆင့် အရေးပါတဲ့ အချက် ဖြစ်ပါတယ်။

(၂) စတိုင်ကျပါစေ

Photo: Freepik

သင့်ရဲ့ ပင်ကိုယ်ဟန်နဲ့ ဝတ်စားဆင်ယင်မှုကို တိုးတက်အောင်လည်း လုပ်ပေးဖို့ လိုပါတယ်။ စာအုပ်တွေကို အဖုံးကြည့်ပြီး လူတွေက ဆုံးဖြတ်တတ်ကြတယ်ဆိုတဲ့ စကားအတိုင်း လူတစ်ယောက်ရဲ့ အရည်အချင်းတွေအကြောင်း မသိခင်မှာ သူ့ရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ရုပ်အဆင်းသွင်ပြင်ကို ကြည့်ပြီး လူတွေက လိုသလို ထင်မြင်ယူဆတတ်တယ်ဆိုတာ သိထားပါ။

(၃) ဖိနပ်ကောင်း စီးပါ

Photo: thetrendspotter

လူငယ်ဆိုပြီး အပြေးစီးဖိနပ် Running Shoes ပဲ တစ်ချိန်လုံး စီးလို့ မဖြစ်ပါဘူး။ ကိုယ်ရောက်နေတဲ့ နေရာ ၊ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ် လိုက်ပြီး အရည်အသွေးပိုမြင့်တဲ့ ဖိနပ်တွေ ဝယ်ထားဖို့ လိုပါတယ်။ နောက်တစ်ချက်က သားရေအရည်အသွေးကောင်းကောင်း ဖိနပ်တစ်ရံဟာ စီးရတာလည်း သက်တောင့်သက်သာ ရှိသလို နှစ်ပေါင်းများစွာကြာအောင်လည်း အစီးခံတာကြောင့် အမျှော်အမြင်ရှိတဲ့ ရင်းနှီးမြှပ်နှံမှုလို့ ဆိုနိုင်ပါတယ်။

(၄) ကိုးရိုးကားယားဖက်ရှင်တွေ ရှောင်ပါ

Photo: Unsplash

Jeans ဝတ်နိုင်ပါတယ်။ ဒါပေမယ့် အပေါက်အပြဲတွေ ၊ ပွယောင်းယောင်း ဖက်ရှင်ကြီးတွေကိုတော့ မဝတ်သင့်ပါဘူး။ အရောင်ကိုလည်း ကြောင်ကြောင်ကျားကျားတွေ ဝတ်တာမျိုး ရှောင်ရမှာပါ။ ခေတ်ပေါ် ဖက်ရှင်ရေစီးကြောင်းနောက်ကို မလိုက်သင့်သလို Classic Color နဲ့ ရိုးရှင်းပြီး သပ်ရပ်တဲ့ ဖက်ရှင်မျိုးကို ပိုရွေးချယ်သင့်ပါတယ်။ အဝတ်အစား အသုံးအဆောင်ဆိုလည်း အရေအတွက် များများစားစား ဝယ်ဖို့ထက် အရည်အသွေးကောင်းကောင်း ဝတ်စုံတွေ ဝတ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။