ဘာကိုမှ စွန့်စားစရာမလိုဘဲ နေ့ရက်တိုင်းကို သာသာယာယာ မျှောလိုက်နေရတာ ကျေနပ်စရာကြီးလို့ ထင်စရာပါ။ ဒါပေမယ့် ဒါဟာ တစ်ချိန်မှာ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာလည်း ကြိုစဉ်းစားထားသင့်ပါတယ်။ ဘာကြောင့်လဲဆို ဒီခေတ်ကြီးဟာ သိပ်ကို အပြောင်းအလဲများလွန်းတဲ့ ခေတ်ဖြစ်လို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်စိစစ်ကြည့်လို့ အပြောင်းအလဲ မလုပ်ရဲတော့ဘူးလို့ တွေးမိရင် အန္တရာယ်ကြီးပါတယ်။ ကိုယ့်ရဲ့ အစွမ်းအစကို အပြည့်အဝ ထုတ်မသုံးဘဲ နေနေမိပြီလားဆိုတာကို ပြန်ကြည့်ဖို့အတွက် အခုပြောမယ့်အချက်လေးတွေနဲ့ တိုက်စစ်နိုင်ပါတယ်။
(၁) အသေအလဲကြိုးစားခဲ့တာတွေ မေ့နေပြီလား
Photo: Freepik
အရင်က အားနဲ့မာန်နဲ့ ကျားကုတ်ကျားခဲကြိုးစားခဲ့တာတွေတောင် အမှတ်မရတော့ဘူးဆိုရင် ကိုယ့်အခြေအနေက တအားကို တိတ်ဆိတ်ငြိမ်သက်သွားလို့ ဖြစ်နိုင်ပါတယ်။ အနိုင်ရသည်ဖြစ်စေ ရှုံးခဲ့သည်ပဲ ဖြစ်စေ အားမာန်နဲ့ ရုန်းထခဲ့တဲ့ အချိန်တွေဟာ ခွန်အားနဲ့ တက်လမ်းတွေ ပွင့်စေခဲ့သလို ဂုဏ်ယူစရာအခိုက်အတန့်တွေလည်း ဖြစ်ပါတယ်။
(၂) ကိုယ့်ဘဝက သိပ်ကို လွယ်နေပြီလား
Photo: Freepik
ဘာမှ ခေါင်းပူအောင် စဉ်းစားစရာမလိုတဲ့ နေ့စဉ်အချိန်ဇယားထဲမှာ နေထိုင်နေတာမျိုးကလည်း ကိုယ့်ရဲ့ ဘဝကို အရောင်မှိန်သွားစေတဲ့ အကြောင်းတစ်မျိုးပါပဲ။ မျက်စိမှိတ်ပြီးတောင် လုပ်နိုင်တယ်ဆိုတဲ့ အလုပ်မျိုး လုပ်နေတာ သင့်အတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။
(၃) ထူးခြား ဖြစ်စဉ်မရှိတော့ဘူးလား
Photo: Freepik
မနေ့ကလိုပဲ ဒီနေ့လည်း ဒီအတိုင်း သွားနေပြီး နောက်တစ်နေ့မှာလည်း ဒီအတိုင်းပဲ ဆက်သွားတော့မှာကို သိနေပြီလား။ ရှုံးနိမ့်မှုတွေ မခံစားရတော့သလို စိန်ခေါ်မှုတွေလည်း မရှိတော့ဘူး ဖြစ်နေပြီဆိုရင် ပျင်းစရာကောင်းတဲ့ဘဝကြီး ဖြစ်မှာ အမှန်ပါပဲ။ ကိုယ့်မှာ အဖြေတွေ အဆင်သင့် ရှိထားပြီး လက်ရှိဘဝကို မေးခွန်းထုတ်စရာ မရှိတော့ဘူးဆိုတာ တစ်ခုခု မှားနေပြီလို့ ပြောနေတာပဲ ဖြစ်ပါတယ်။
(၄) မနက်ဖြန် အားလုံးကမောက်ကမဖြစ်ကုန်ရင် ရင်ဆိုင်ဖို့ စိတ်ကူးရှိသလား
Photo: Freepik
တကယ်လို့ ကိုယ့်ရဲ့ နိစ္စဒူဝဖြစ်စဉ်လေးက သမရိုးကျအတိုင်း သွားရာကနေ ရုတ်တရပ်ကြီး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ရင် ဘာဆက်လုပ်သွားမလဲလို့ တွေးမိပါသလား။ တကယ်လို့ မတွေးမိဘူးဆိုရင် တွေးကြည့်သင့်ပါတယ်။ အနာဂါတ်ဆိုတာ မသေချာဘူးဆိုတာ အားလုံးအသိပါပဲ။ နောင်လာမယ့် အပြောင်းအလဲတွေရဲ့ ရိုက်ခတ်မှုတွေကို ခံနိုင်ရည်ရှိဖို့ဆိုတာ ဝပ်ကျင်းထဲမှာပဲ ငြိမ်ငြိမ်လေး ဝပ်နေလို့ မရပါဘူး။ ကိုယ်တိုင် အပြောင်းအလဲလုပ်ရဲဖို့ နဲ့ အသစ်အသစ်တွေကို စိန်ခေါ်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ တိုးတက်ရင်း သန်မာလာမှာ ဖြစ်ပါတယ်။