Colonel Sanders ဆိုရင် ချက်ချင်းမသိရင်တောင် သူ့ရဲ့ အောင်မြင်မှုအမှတ်တံဆိပ်ဖြစ်တဲ့ Kentucky Fried Chicken (KFC) ကြက်ကြော်အကြောင်းကိုတော့ လူတိုင်းသိကြပါတယ်။ KFC ကြက်ကြော်ရောင်းပြီး မချမ်းသာခင် သူဟာ အကြိမ်ပေါင်း ၁၀၀၉ ကြိမ်အထိ အငြင်းခံခဲ့ရပါတယ်။ အစောပိုင်းက ရှေ့နေလည်း လုပ်ခဲ့သလို ဈေးပါ လှည့်ရောင်းခဲ့ပေမယ့် သူလုပ်သမျှ အလုပ်တိုင်း အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရသူပါ။

အသက် ၁၉ နှစ်မှာ အိမ်ထောင်ပြုခဲ့ပြီး ကလေး ၃ ယောက်ရခဲ့ပေမယ့် ကွာရှင်းပြတ်စဲခြင်းနဲ့သာ အိမ်ထောင်ရေးအရှုံးနဲ့ ကြုံခဲ့ပါတယ်။ အသက် ၇၅ နှစ် မရောက်ခင်အထိ သူ့ဘဝဇာတ်ကြောင်းအကြောင်း ကို ကြည့်ရတာ အမှောင်တွေ ပိတ်သည်းနေတဲ့ ပန်းချီကားတစ်ချပ်ထက် မပိုခဲ့ပါဘူး။ သူဘယ်လို အောင်မြင်ခဲ့တာလဲ။ သူ့ဆီကနေ ကျွန်တော်တို့ ဘာတွေ လေ့လာနိုင်မလဲ ကြည့်ရအောင်ပါ။

(၁) မအောင်မြင်မချင်း ဆက်သွားနေရမယ်

Photo: Fortune

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ KFC ကြက်ကြော်ဟင်းလျာကို အောင်မြင်စွာ ရောင်းချမှု မပြုနိုင်ခင် Colonel Sanders ဟာ အကြိမ်ပေါင်း ၁၀၀၀ ကျော် အငြင်းခံခဲ့ရပါတယ်။ အသက် ၁၀ နှစ်ကနေ အသက် ၄၀ အထိ တောင်သူလုပ်ခဲ့တယ်။ ဓါတ်ရထားမောင်းခဲ့သလို ရှေ့နေလည်း ဖြစ်ခဲ့တယ်။ အာမခံရောင်းချသူဖြစ်ခဲ့သလို မီးရထားလမ်း ပိုင်း အလုပ်သမားလည်း လုပ်ခဲ့ပါတယ်။ ဘဝမှာ ဘယ်တော့မှ အောင်မြင်စရာမရှိဘူးလို့ ထင်ရတဲ့ အလုပ်တွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့အောင်မြင်မှုဟာ သူ့ကို ဇွဲနပဲနဲ့ သည်းကြီးမည်းကြီး လိုက်ရှာသူကို ကြာကြာ မပုန်းနိုင်ခဲ့ပါဘူး။

(၂)အောင်မြင်ဖို့ အိုသွားပြီ မရှိ

Photo: topnaija

အသက် ၇၅ နှစ်မှာ Colonel Sanders ဟာ KFC ကြက်ကြော်ရေးရာကနေ ဒေါ်လာ ၂ သန်း (အခုခေတ်ငွေ ၁၅ သန်း) ချမ်းသာသူ ဖြစ်လာပါတယ်။ ကုမ္ပဏီကို ရောင်းလိုက်ပြီးနောက်မှာလည်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဆက်ပြီး အလုပ်လုပ်ပါသေးတယ်။ လူအများအတွက် အသက် ၇၅ မှာ ဘာမှ ဆက်ကြိုးစားချင်မှာ မဟုတ်ပေမယ့် သူကတော့ ဒေါ်လာဘီလျံနဲ့ချီတဲ့ အမှတ်တံဆိပ်ကို ထူထောင်သွားခဲ့သလို ချမ်းချမ်းသာသာနဲ့လည်း နေထိုင်သွားခဲ့ပါတယ်။

(၃) အတိတ်က သင့်အောင်မြင်မှုကို မဆုံးဖြတ်နိုင်

Photo: nwanneokafor

အတိတ်မှာ ရှုံးချင်တိုင်း ရှုံးခဲ့ပါစေ။ အတိတ်ဆိုတာ သင့်ရဲ့ အောင်မြင်မှုကို အမှတ်ပေးဆုံးဖြတ်ချက် မချနိုင်ဘူးဆိုတာ သိထားပါ။ ဘယ်နှစ်ကြိမ်ပဲ ကျရှုံးကျရှုံး ရှုံးနိမ့်တာက အရေးမကြီး။ အောင်မြင်မှုနောက် ဆက်လိုက်ဖို့ပဲ လိုပါတယ်။ အတိတ်ကိုကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်တဲ့သူဟာလည်း အတော်ကို အမြော်အမြင်မရှိတဲ့သူလို့ ဆိုနိုင်ပါတယ်။

(၄) ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ဖို့ စွန့်စားရဲပါစေ

Photo: BBC

အောင်မြင်မှုအတွက် လျှို့ဝှက်ချက်တစ်ခုကို ပြောပါဆိုရင် Passion ရှိဖို့က အဓိကပဲလို့ ပြောကြပါလိမ့်မယ်။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုခုကို တစိုက်မတ်မတ် ဖြစ်အောင် လုပ်သွားရင် အောင်မြင်တာပါပဲ။ Colonel Sanders ဟာ ငယ်ငယ်ကတည်းက အစားအသောက်ပြုပြင်စီမံခြင်းဘက်မှာ စိတ်ထက်သန်မှုရှိခဲ့သူဖြစ်ပေမယ့် သူ့ဘဝတစ်လျှောက်လုံးမှာ သူ့ Passion မဟုတ်တဲ့ အလုပ်တွေနောက် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့တာပါ။ နောက်ဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ စဉ်းစားနေချိန်မှာ သူ့ဘဝမှာ လုပ်ချင်ခဲ့တဲ့အရာတွေအကြောင်း ပြန်မေးခွန်းထုတ်ခဲ့ရာကနေ သူ့ Passion ကို ပြန်မောင်းနှင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(၅) သေးသေးလေးက စဖို့ မကြောက်ပါနဲ့

Photo: vtvindia

KFC ကို လမ်းဘေးမှာ ချရောင်းခဲ့တာပါ။ တကယ့်ကို သေးသေးလေးက စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ KFC ဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အစားအသောက် အမှတ်တံဆိပ်တစ်ခုလိုကို ဖြစ်လာခဲ့ပါတယ်။ သင်ခန်းစာက ရှင်းပါတယ်။ သေးသေးလေးက စတင်ဖို့ မကြောက်ပါနဲ့။ စပြီး လုပ်နေသရွေ့။ ကြိုးစားပမ်းစား အကောင်အထည်ဖော်နေသရွေ့ တိုးတက်မှုဆိုတာ ရှိနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။