Master Chef အစီအစဉ်ကြိုက်သူတွေအတွက် ဂေါ်ဒွန်ရမ်ဆေးဆိုတဲ့နာမည်ဟာ စိမ်းနေမှာ မဟုတ်ပါဘူး။ သူ့နယ်ပယ်မှာ ထိပ်တန်းရောက်အောင်မြင်လို့ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးလို့တောင် ပြောနိုင်ပါတယ်။ အခုပြောမှာက ဂေါ်ဒွန်ရမ်ဆေး လက်ကိုင်ထားတဲ့ အောင်မြင်ရေးသင်ခန်းစာတွေအကြောင်းပါပဲ။

(၁) သိပ်တော်လွန်းမနေနဲ့

Gordon Ramsay

Photo: Insider

‌ဂေါ်ဒွန်ရမ်ဆေးက စကားပြောရင် ပြတ်လွန်းလို့ နားဝင်ချိုမှာမဟုတ်ပါဘူး။ အခုစကားကိုပဲကြည့်လိုက်ပါ။ တော်လွန်းနေတာမျိုး မဖြစ်စေနဲ့တဲ့။ သဘောက တစ်ခုခုမှာ သိပ်ကြီး ချွန်ချင်လွန်းရင် ပုံပျက်သွားတတ်တယ်လို့ပြောချင်တာပါ။ ဒါက ဟင်းပွဲအပြင်အဆင်နဲ့ပတ်သက်ပြီး ပြောတာ ဖြစ်ပါတယ်။ ဟင်းပွဲလှစေချင်လို့ ပြင်လွန်းတာထက် ရိုးရှင်းမှုကို ဦးစားပေးဖို့ ပြောချင်တာပါ။ အပြင်လောကမှာလည်း Perfect ဖြစ်ချင်လွန်းရင် အဆင်မပြေဘူးဆိုတဲ့ အသိကို ယူနိုင်ပါတယ်။

(၂) ကိုယ့်ဈေးကွက်ကို သိပါ

Gordon Ramsay

Photo: Delish

သင်က ဘယ်နေရာနဲ့ အကျုံးဝင်သလဲ။ သင့်အတွက် အခွင့်အလမ်းရှိတဲ့နေရာက ဘယ်မှာလဲ သိပါ။ ကိုယ့်ဈေးကွက်ကို တကယ်သိသူဟာ အောင်မြင်ဖို့ တစ်ပန်းသာပြီးသားဖြစ်ပါတယ်။ နေရာမှန် မဟုတ်တဲ့နေရာမှာ သင်ရောက်နေရင် ၊ သင့်အရည်အချင်းနဲ့ အံမဝင်တဲ့ ဈေးကွက်မှာ သင့်စွမ်း‌ဆောင်ရည်တွေ ချပြနေမိရင်လည်း အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။

(၃) အကူအညီတောင်းဖို့ မရှက်ပါနဲ့

Gordon Ramsay

Photo: Los Angeles Times

အကူအညီလိုတဲ့အခါ သူများဆီက အကူအညီတောင်းဖို့ မရှက်ပါနဲ့။ ခေါင်းမာမာနဲ့ ကိုယ့်ဘာသာ ကြိတ်ပြီး ဖြေရှင်းနေရင် အဆင်ပြေလာဖို့ထက် ပြဿနာတွေပဲ ထပ်တက်လာနိုင်ပါတယ်။ မှန်ကန်တဲ့လူဆီက မှန်ကန်တဲ့အကူအညီယူတဲ့အခါ လုပ်အားလည်း တက်လာသလို ပြဿနာတွေကိုလည်း လွယ်လင့်တကူ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ အဖွဲ့လိုက် အပြန်အလှန်မှီခိုရတဲ့ Team Work ဆိုတာ ဖြစ်လာတာပါ။

(၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ

Gordon Ramsay

Photo: quratehome

အောင်မြင်ချင်ရင် ကိုယ်လုပ်နေတဲ့အပေါ် ယုံကြည်မှုရှိဖို့ လိုပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ပေါ် ယုံကြည်နေဖို့ ကိုယ်ယုံကြည်နေတာကို လုပ်ဖို့လည်း လိုတာပါပဲ။ ကိုယ့်မှာ အိုင်ဒီယာတစ်ခု ရှိနေရင် အဲ့ဒီအိုင်ဒီယာကို သံသယဝင်နေတာမျိုး မဖြစ်ပါစေနဲ့လို့ ရမ်ဆေးက ပြောပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ပေါ် လှိုက်လှိုက်လှဲလှဲ ယုံကြည်ချက် ထားပါ။ ယုံကြည်စိတ်ခိုင်မြဲရင် အောင်မြင်မှုအတွက် ရင်းရဲသွားမှာပါ။

(၅) လူတွေနဲ့ စကားပြောဖို့ မကြောက်နဲ့

Gordon Ramsay

Photo: hardwarezone

 

စကားပြောတယ်ဆိုတာ ဆက်သွယ်တာပါပဲ။ ကွန်ရက်ဖွဲ့ခြင်း Networking ဆိုတာ သိပ်အရေးပါတဲ့အရာ ဖြစ်ပါတယ်။ လူတွေနဲ့ ဆက်သွယ်မှုလုပ်တယ်ဆိုတာ သင့်ကိုယ်သင် ထုတ်ပြတာပါပဲ။ နောက်ပြီး လူတွေနဲ့ စကားပြောမှ လူတွေအကြောင်း သိလာမယ်။ လူတွေကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ နားလည်လာမယ်။ လူတွေအကြောင်း သိလေလေ လူတွေနဲ့ အလုပ်လုပ်ရတာ ပိုပြီး လွယ်ကူလေလေပါပဲ။
ဒါတွေကတော့ ‌ဂေါ်ဒွန်ရမ်ဆေးရဲ့ အောင်မြင်ရေးသင်ခန်းစာထဲက တချို့ဖြစ်ပါတယ်။ ဒီသင်ခန်းစာတွေကို နေ့စဉ်ဘဝမှာလည်း လေ့ကျင့်ခန်းတစ်ခုလို လိုက်နာပြီး လုပ်ကြည့်လို့ ရပါတယ်။

Featured Photo: Los Angeles Times