လီယွန်နယ် မက်ဆီကို ဘောလုံးအားကစားလောကမှာ နံပါတ်တစ် ကစားသမားတွေထဲက တစ်ယောက်အဖြစ် သိကြပါတယ်။ ဘောလုံးသမိုင်းမှာလည်း အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။

ထူးချွန်ထက်မြက်သူတွေဟာ ကံစွပ်ပြီး အောင်မြင်ကြတာ မဟုတ်ပါဘူး။ ဒီနေ့ မက်ဆီဖြစ်ရခြင်းဟာ သူ့ဘဝမှာ လက်ခံကျင့်သုံးလာတဲ့ အောင်မြင်ရေးသင်ခန်းစာတွေကြောင့်ဆိုလည်း မမှားပါဘူး။

(၁) သင့်ယုံကြည်ချက်အတွက် ရင်ဆိုင်ပါ

Photo : Sky News

“သင့်အိပ်မက်ကို အရောက်လှမ်းနိုင်ဖို့ တိုက်ခိုက်တိုးဝှေ့ဖို့ လိုပါတယ်။ စွန့်လွှတ်ရမယ်။ အပတ်တကုပ် ကြိုးစားနေရမယ်” လို့ မက်ဆီက ပြောခဲ့ပါတယ်။ သာမန် Ordinary နဲ့ ထူးချွန်ပြောင်မြောက်ခြင်း Extraordinary ဆိုတဲ့ စကားနှစ်ခုအကြား ခြားနားချက်က Extra ဆိုတဲ့ ပိုလုပ်ဖို့ ၊ မိုင်နည်းနည်း တိုးသွားဖို့ ၊ အားနည်းနည်း ပိုစိုက်ဖို့ ဆိုတဲ့ အဓိပ္ပါယ်လေးပါပဲ။

(၂) အောင်မြင်ဖို့ အချိန်လိုတယ်

Photo: Teller Report

အောင်မြင်မှုဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ အံ့ဖွယ်ဆန်းပြားတဲ့ ရလဒ်တွေ ဖြစ်စေဖို့ လုပ်လိုက်ရတဲ့ အားထုတ်မှုတွေနဲ့ စွဲမြဲခိုင်မာတဲ့ သံန္ဒိဌာန်တွေ ရှိရပါတယ်။ ပါရမီရှင်လို့ ကျော်ကြားတဲ့ မက်ဆီကတော့ “နေ့ချင်းညချင်း အောင်မြင်မှုတစ်ခု ဖြစ်လာဖို့ ကျွန်တော် ၁၇ နှစ်နဲ့ ၁၁၄ ရက် အချိန်ယူခဲ့ရတယ်” လို့ ပြောခဲ့ပါတယ်။

အိပ်မက်တွေ ပုံဖော်ရတာ ခက်ပါတယ်။ ဘယ်တော့မှ လက်မလျှော့ နောက်မဆုတ်ဖို့နဲ့ စိတ်ရှည်လက်ရှည် အချိန်ပေးဖို့ လိုပါတယ်။

(၃) နေ့တိုင်း ပိုတိုးတက်ဖို့ လုပ်ရမယ်

Photo : The National

တစ်နေ့ထက် တစ်နေ့ ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ အာရုံစိုက်ရပါမယ်။ စီးပွားရေးလုပ်ရင် စီးပွားရေး အသိပညာနဲ့ တတ်ကျွမ်းမှုတွေ တိုးတက်သထက် တိုးတက်လာသင့်ပါတယ်။ စာရေးဆရာလုပ်သူဟာ တစ်နေ့ထက် တစ်နေ့ အရေးအသား ညက်ညောပြေပြစ်ဖို့ လိုပါတယ်။

မက်ဆီကတော့ “ခြေစွမ်းမပြနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်တဲ့နေ့ဟာ ကစားသမားတွေအတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ပါပဲ”တဲ့။ ဒီတော့ တစ်နေ့ချင်း တစ်နေ့ချင်းမှာ ပိုကောင်းသထက် ကောင်းအောင် တိုးတက်သထက် တိုးတက်အောင် လုပ်မယ်လို့ ကတိပြုပါပ။

(၄) သင့်အတွက် ဘာက အရေးကြီးဆုံးလဲ ဆိုတာ မမေ့ပါနဲ့

Photo: Busy Buddies

တစ်ခါတစ်လေမှာ တစ်ခုခုကို အရူးအမူးစွဲလမ်းလွန်သွားပြီး ဘဝရဲ့ တစ်ခြားအရေးပါတဲ့ အစိတ်အပိုင်းတွေကို မျက်ကွယ်ပြုမိသွားတတ်ပါတယ်။ ငွေနောက်ချည်း မဲလိုက်ရင်း တကယ်လည်း ငွေကြေးကုံလုံကြွယ်ဝချိန်မှာ မိသားစုရဲ့ မေတ္တာနဲ့ နွေးထွေးမှု ဆုံးရှုံးသွားကြတဲ့ လူတွေကို မြင်ဖူးကြမှာပါ။
ဒါမျိုး မဖြစ်ဖို့ဖို့ ကိုယ့်ကိုယ်ကို ထိန်းသင့်ပါတယ်။ သင့်မှာ ရှိနေတဲ့ အရာတွေကို ကျေးဇူးတင် အသိအမှတ်ပြုတတ်တဲ့ စိတ်အခံ မွေးပါ။ “ဘဝမှာ ကစားပွဲတစ်ပွဲ အနိုင်ရတာ/ရှုံးနိမ့်တာထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိပါတယ်” လို့ မက်ဆီက ဆိုပါတယ်။

(၅) အရှုံးတွေကနေ သင်ယူပါ

Photo: The Straits Times

ဘဝမှာ အမြဲအနိုင်ချည်း ရတယ်ဆိုတာ မရှိပါဘူး။ အရှုံးတွေဟာ ခံရခက်ပါတယ်။ ဒါပေမယ့် လူတွေဟာ အရှုံးကနေ လေ့လာသင်ယူရင်း ပိုတိုးတက်အောင် ကြိုးစားကြရတာပါ။ နေသာတဲ့နေ့ရှိသလို မိုးရွာတဲ့နေ့လည်း ရှိပါတယ်။ အရေးကြီးတာက အရှုံးနဲ့ ကြုံချိန်မှာ အမှားတွေကနေ သင်ယူပြီး ပိုကြိုးစားဖို့ပါပဲ။

“တစ်ခါတစ်လေမှာ တောက်လျှောက်ကိုယ်အနိုင်မရနိုင်ဘူး ဆိုတာ လက်ခံရပါမယ်”။