နယ်ပယ်တစ်ခုမှာ အမြင့်ရောက်နေတဲ့သူဆိုတာ ကိုယ်ပိုင်နည်းလမ်းကောင်းတွေ ကိုယ်စီရှိထားတဲ့သူတွေ ဖြစ်ပါတယ်။ စွန့်ဦးတီထွင်မှုနဲ့ပတ်သက်ရင် အမေရိကန်တွေဟာ သိပ်ကို ခေတ်ရှေ့ပြေးပါတယ်။ သူတို့ရဲ့ အောင်မြင်ရေးနည်းနာနိဿယျတွေကလည်း ကမ္ဘာအရပ်ရပ်က စွန့်ဦးတီထွင်မှုဘက် လိုက်မယ့်သူတွေ မှတ်သားလိုက်နာစရာကောင်းလှပါတယ်။ ဒီဆောင်းပါးမှာတော့ နာမည်ကြီး အမေရိကန်စွန့်ဦးတီထွင်သူတို့ မျှဝေတဲ့ လျှို့ဝှက်ချက်တချို့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့် Monitor ပေါ်က ကပ်ခွာ Note တစ်ခုလို အာရုံစိုက်နေပါ

Focus

Photo: Unsplash

Plaid ဆိုတဲ့ နာမည်ကြီး ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီကို အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူ ဇက်ချ် ပါးရက်က ပြောဖူးပါတယ်။ “ကျွန်တော် အသက် ၁၃ နှစ်လောက်က အဲ့ဒီမှာ အန်ဒီဆိုတဲ့ ဘောလုံးအသင်းနည်းပြတစ်ယောက်ရှိဖူးတယ်။ သူပြောတာက ဒီလိုဗျ”အာရုံစိုက် ၊ အာရုံစိုက် ၊ အာရုံစိုက်ထားဟေ့။”တဲ့ ဒါက အခုထိ ကျွန်တော့်နားထဲ ကြားနေတုန်းပဲ။ “ဇက်ချ် အာရုံစိုက်ထားစမ်း ၊ အာရုံစိုက် ၊ အာရုံစိုက်။”ဒီစကားကို ကျွန်‌တော့်ကွန်ပျူတာ မော်နီတာပေါ်က Post-In ကပ်ခွာ Note လေးမှာ ရေးထားတယ်။ အလုပ်ထဲမှာလည်း ဒီအကြောင်း မကြာခဏပြောဖြစ်ပါတယ်။ ကိစ္စအများကြီးကို နည်းနည်းပဲ ကောင်းကောင်း လုပ်နိုင်တာထက်စာရင် တစ်ခုခုကို ပိုကောင်းကောင်း လုပ်နိုင်တာက ပိုလို့ အရေးကြီးတယ်လေ”တဲ့။

(၂) ရည်မှန်းချက်တွေ မျှဝေပါ

Goals

Photo: Unsplash

“Exabeam ကို ကျွန်တော်စရောက်တော့ ကျွန်တော်ပထမဆုံး ကိုင်တွယ်ရတာတွေက ကုမ္ပဏီအတိုင်းအတာနဲ့ ပိုပြီး စုပေါင်းထားတဲ့ ရည်မှန်းချက်တွေကို အတူတူ မျှဝေဖို့ လုပ်ငန်းမျှော်မှန်းချက်တွေကို ပြန်စီစဉ်ရတာပါပဲ။ အရင်တုန်းက အဖွဲ့အစည်းလိုက်ရှိနေတဲ့ စည်းစနစ်တွေကို ပြန်ခွဲရတယ်။ မတူတဲ့ အဖွဲ့အစည်းနှစ်ဘက်ကို Roles အလိုက် အစီရင်ခံစာ ပေးတာတွေတောင် ပါလာပါတယ်။” – မိုက်ကယ် ဒီစက်ဆား (Exabeam ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ CEO)

(၃) လုပ်ငန်းပိုင်ဆိုင်မှု ခွဲဝေပါ

Teams

Photo: Unsplash

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့ထွန်းကားရေးအတွက် အာမခံအကြံပေးလုပ်ငန်း AssuredPartners တည်‌ထောင်သူလည်းဖြစ် CEO လည်းဖြစ်တဲ့ ဂျင်မ် ဟင်ဒါဆန်က အခုလို အကြံပေးပါတယ်။ “ကျွန်တော်တို့ ကုမ္ပဏီရဲ့ သုံးပုံတစ်ပုံကို ဝန်ထမ်းတွေက ပိုင်ဆိုင်ပါတယ်။ ကျွန်တော်တို့က လူတွေ အလုပ်လုပ်ချင်ပြီး အလုပ်လုပ်နေရတာကို ပျော်နေတဲ့ နေရာမျိုး ဖန်တီးပြီး စီးပွားရေးလုပ်ချင်သူတွေပါ။”တဲ့။

(၄) အရှုံးကို မုန်းတဲ့လူတွေကို အလုပ်ခန့်ပါ

Conversations

Photo: Unsplash

လုပ်ငန်းခွင်အောင်မြင်ဖို့အတွက် CrowdStrike ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ တည်ထောင်သူနဲ့ CEO ဂျော့ချ်ကာ့တ်ဇ်က ဘယ်လိုလူတွေ အလုပ်ခန့်သင့်သလဲဆိုတာကို ဒီလို ပြောပါတယ်။ “ကျွန်တော်တို့အားလုံးကတော့ အနိုင်ရတဲ့ခံစားချက်ကို နှစ်သက်ကြသူတွေချည်းပါပဲ။ ဒါပေမယ့်လည်း ဒါက နာရီနည်းနည်းလောက်ပဲ ကြာတဲ့ကိစ္စပါ။ ကျွန်တော်တို့တတွေရဲ့ အရှုံးကို မကြိုက်မှု ၊ မုန်းတီးမှုဟာ ရက်နဲ့ချီ သီတင်းပတ်နဲ့ ကြာနိုင်ပါတယ်။ ရှုံးတာကို မုန်းတဲ့လူတွေက အဲ့ဒီခံစားချက်ကို စိတ်ခွန်အားအဖြစ် သုံးပြီး သူတို့မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကို ရအောင် လုပ်ပြီး အမြင့်ဆုံးတက်သွားနိုင်ပါတယ်။”

(၅) ဝန်ထမ်းတွေ စိတ်လုံခြုံအောင် ထားပါ

Staffs

Photo: Unsplash

ထိရောက်ပြီး လုပ်အားထွက်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့အတွက် Grove Collaborative သဘာဝအိမ်သုံးထုတ်ကုန်ကုမ္ပဏီ တည်ထောင်သူနဲ့ CEO စတူးအာ့တ် လန်းဒက်စ်ဘာ့ဂ်ကတော့ ဝန်ထမ်းတွေကို စိတ်လုံခြုံမှုရှိအောင် ထားပါလို့ ပြောပါတယ်။ “လူဆိုတာ စိတ္တဗေဒအရ ဘေးကင်းမှုကို ခံစားရတဲ့အခါ အပျော်ရွှင်ဆုံးနဲ့ လုပ်အားအကောင်းဆုံးဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ ခေါင်းဆောင်မှုအဖွဲ့ဟာ အောင်မြင်မှုရော ရှုံးနိမ့်မှုကိုပါ ကုမ္ပဏီတစ်ခုလုံး ရှေ့မှောက်မှာ အသိအမှတ်ပြုတတ်ဖို့ လိုပါတယ်။ ကျွန်တော်က ဒီလိုမျိုး အသိအမှတ်ပြုဖို့ အခွင့်အရေးတွေ သဘောကျသူပါ။ ပြီးရင် ကျွန်တော်ပြောတတ်တာက “ကြည့်စမ်း ဘယ်နားမှာ ကျုပ်တော့ တကယ်မှားသွားပြီဗျို့”ဆိုပြီး ပြောတတ်တယ်”တဲ့။

အမေရိကန်စွန့်ဦးတီထွင်သူတွေရဲ့ သင်ခန်းစာက အများကြီး ရှိပါတယ်။ အခုပြောခဲ့တာက အားလုံးနဲ့ ခြုံမိမယ်ထင်တဲ့ အကြံပြုချက်တွေနဲ့ သင်ခန်းစာတချို့အကြောင်းလောက်ပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Featured Photo: Medium