တစ်ခါမှ မနိမ့်ကျ မရှုံးနိမ့်ခဲ့ဘဲနဲ့ ထိပ်တန်းရောက်အောင်မြင်သူ ဖြစ်ချင်တယ်ဆိုရင် စိတ်ကူးယဉ်တာ များသွားပြီလို့ ပြောချင်ပါတယ်။ ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဘယ်တော့မှ လွယ်ကူခဲ့တယ်ဆိုတာ မရှိပါဘူး။ အောင်မြင်မှုကြီးကြီး လိုချင်လေလေ ပေးခဲ့ရတဲ့ စတေးမှုတွေ ၊ ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတွေ ၊ ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ များပြားလှတဲ့ စိန်ခေါ်မှုတွေ တွေ့လာရလေလေပါပဲ။
ကမ္ဘာနဲ့ချီပြီး ထင်ပေါ်ကျော်ကြား အောင်မြင်သွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အောင်မြင်ဖို့အတွက် တစ်ချိန်က အရှုံးပြီး အရှုံး ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့သူတချို့အကြောင်း ပြောချင်ပါတယ်။ အခက်အခဲနဲ့ ရှုံးနိမ့်မှုတွေကို တွန်းလှန်ပြီး အောင်မြင်မှု အရယူသွားတဲ့သူတွေအကြောင်း လေ့လာရတာ စိတ်ခွန်အားလည်း ဖြစ် ၊ ကိုယ်တိုင်လမ်းပျောက်နေချိန်မှာ ကိုယ့်ရဲ့ ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေကို မီးထိုးလမ်းပြရာလည်း ရောက်ပါတယ်။
(၁) စတီဗင် စပီးလ်ဘာ့ဂ်
Photo: LifeHack
အခုခါမှာ ဒါရိုက်တာကြီး စတီဗင်စပီးဘားဂ် ရိုက်သမျှ ကားတိုင်း ပေါက်တယ် ၊ လူကြည့်တယ်လို့ ဆိုပေမယ့် တကယ်တမ်း သူတက်လာခဲ့တဲ့ နောက်ခံဘဝက လွယ်လွယ်ကူကူတော့လည်း မဟုတ်ပါဘူး။ စပီးဘာ့ဂ်ကို ဟောလီဝုဒ်မှာ ဂုရုတစ်ဆူဖြစ်စေတဲ့ ၁၉၇၅ ထွက် Jaws ရုပ်ရှင် မထွက်ခင်အထိ သူဟာ ရုပ်ရှင်ပညာကျောင်းတစ်ခုဖြစ်တဲ့ USC School of Cinematic Arts မှာ တက်ခွင့် အကြိမ်ပေါင်းများစွာ အငြင်းခံခဲ့ရပါတယ်။
အကြိမ်ကြိမ် အလီလီ အပယ်ခံခဲ့ရ ၊ ကြိုးစားသမျှ အရာမထင်ဘဝကနေ ဇွဲမာန်အပြည့်နဲ့ ရုန်းထနိုင်ခဲ့လို့သာ သူဟာ ကမ္ဘာကျော် ဒါရိုက်တာကြီး ဖြစ်လာတာပါ။ တကယ်လို့ စပီးဘာ့ဂ်သာ အရှုံးတွေကို လက်ခံပြီး ဆက်မကြိုးစားတော့ဘူးဆိုရင် E.T ၊ Indiana Jones ၊ Jurassic Park ၊ Saving Private Ryan ၊ Schindler’s List ၊ Bridge of Spies နဲ့ Lincoln တို့လို ဂန္တဝင်ရုပ်ရှင်တွေလည်း ကျွန်တော်တို့ ရှုမျှော်ခံစားခွင့်ရမှာ မဟုတ်ပါဘူး။
(၂) ခရစ္စပရတ်
Photo: LifeHack
ရုပ်ရှင်မင်းသားခရစ္စပရတ်ဟာ တစ်ခါက အိမ်ခြေရာမဲ့တစ်ယောက်အဖြစ်နဲ့ ဟာဝိုင်အီကျွန်းပေါ်က ဗန်ကားတစ်စင်းထဲမှာ နေခဲ့ရသူ ဖြစ်ပါတယ်။ ရုပ်ရှင်ပိတ်ကားထက် ရောက်လာဖို့ ကြိုးစားနေတဲ့ အသက် ၁၉ နှစ်သားအရွယ် ခရစ္စပရတ်တစ်ယောက်။ ပထမဆုံး ရုပ်ရှင်အတွက် ရတဲ့ငွေက ဒေါ်လာ ၇၀၀ တည်း။ နှစ်ပေါင်း ၂၀ ကြိုးစားပြီးမှ Jurassic World: Fallen Kingdom အတွက် ဒေါ်လာ ၁၀ သန်းရခဲ့တာ ဖြစ်ပါတယ်။
(၃) ဆီဗက်စတာ စတားလုံး
Photo: LifeHack
ကမ္ဘာကျော် Rocky မင်းသားနဲ့ စာရေးဆရာ ဆီဗက်စတာ စတားလုံးရဲ့ အဖြစ်ကလည်း အောင်မြင်ချင်သူတွေအတွက် သင်ခန်းစာယူချင်စရာပါ။ မင်းသားကြီး စတားလုံးဟာ တစ်ခါက စားစရာဝယ်ဖို့ ပိုက်ဆံမရှိတာကြောင့် အချစ်ဆုံးခွေးကိုပါ ဒေါ်လာ ၄၀ တည်းနဲ့ ရောင်းခဲ့ရသူ ဖြစ်ပါတယ်။ Rocky ကားနဲ့ သူ့သရုပ်ဆောင်မှု ၊ ဇာတ်ညွှန်းတွေအတွက် အော်စကာနှစ်ဆု စာရင်းဝင်ခဲ့ပြီးမှ ရောင်းထားတဲ့ ခွေးကို ဒေါ်လာ ၁၅၀၀၀ နဲ့ ပိုင်ရှင်သစ်ဆီက ပြန်ဝယ်နိုင်ခဲ့တာပါ။
(၄) ဂျင်မ်ကာရေး
Photo: LifeHack
ဟောလီဝုဒ်လောကရဲ့ ဟာသအမြောက်ဆုံးမင်းသားတွေထဲက တစ်ဦးအဖြစ် ဂျင်မ်ကာရေးကို သိကြပါလိမ့်မယ်။ သူ့ဘဝကတော့ သိပ်ပျော်စရာမကောင်းခဲ့ပါဘူး။ ကနေဒါမှာ မွေးခဲ့တဲ့ ဂျင်မ်ကာရေးဟာ ငယ်ငယ်က အလွန်ကို ဆင်းရဲခဲ့သူ ဖြစ်ပါတယ်။ သူဆယ်ကျော်သက်အရွယ်က အိမ်အတွက် ဘေလ်ဆောင်နိုင်ဖို့ မိဘတွေဟာ ကျောင်းစောင့်တွေအဖြစ် အလုပ်လုပ်ခဲ့ရပါတယ်။
ပထမဆုံး စင်တင်ဟာသသရုပ်ဆောင်လုပ်ချိန်မှာ သူ့ကို စင်အောက်က အမျိုးမျိုး ပြောင်လှောင်တာ ခံခဲ့ရပါတယ်။ နောက်တော့ In Living Color ရှိုးမှာ ပေါက်သွားခဲ့ပြီး Dumb & Dumber ၊ The Mask နဲ့ Ace Ventura တို့လို အောင်မြင်တဲ့ ဟာသရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။
(၅) စတီဖင်ကင်း
Photo: LifeHack
သက်ရှိစာရေးဆရာတွေထဲမှာ လူသိအများဆုံး စာရေးဆရာဘဝ မရောက်ခင်က စတီဖင်ကင်းဟာ ကြိမ်ဖန်များစွာ ငြင်းပယ်တာ ခံခဲ့ရပါတယ်။ အခုချိန်မှာ ဝတ္ထုပေါင်း ၆၀ ကျော် ရေးသားခဲ့ပြီး အများစုကို အောင်မြင်တဲ့ ရုပ်ရှင်နဲ့ တီဗွီစီးရီးတွေအဖြစ် တင်ဆက်နိုင်ခဲ့တဲ့ ဒီစာရေးဆရာကြီးဟာ သူ့ကို ငြင်းပယ်တဲ့စာတွေကို စိတ်ခွန်အားဖြစ်စရာ အမှတ်တရအနေနဲ့ နံရံမှာ ချိတ်ထားလေးရှိတယ်လို့ဆိုပါတယ်။
ပထမဆုံး ရေးတဲ့ ဝတ္ထု Carrie ဆိုရင် အကြိမ်ပေါင်း ၃၀ ငြင်းပယ်တာ ခံခဲ့ရပါတယ်။ ဒါနဲ့ လက်လျှော့လိုက်ပြီး နောက်တစ်အုပ်ရေးဖို့ ပြင်နေချိန်မှာ သူ့ဇနီးက အမှိုက်ခြင်းထဲ ရောက်နေတဲ့ စာမူကို တွေ့သွားပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဖို့ တောင်းဆိုခဲ့ရာကနေ ကမ္ဘာကျော်ဝတ္ထုစာအုပ်ကြီးအဖြစ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။