အောင်မြင်ခြင်းဟာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ သွားနေတဲ့ လမ်းကြောင်း ၊ လုပ်နေတဲ့ အလုပ်နဲ့ ကိုယ့်ခံယူမှုတွေကပဲ အဓိက ကျပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုဆီ အရောက်သွားနိုင်ဖို့ဆိုရင် အခုပြောမယ့် နည်းလမ်းတစ်ချို့က အထောက်အပံ့ ဖြစ်မှာပါ။

(၁) ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ

Photo: Freepik

နာမည်ကြီးစီးပွားရေးဂုရုကြီးတစ်ယောက်ဖြစ်တဲ့ ရစ်ချတ်ဘရန်ဆန်က ပြောဖူးပါတယ်။ သူ့ရဲ့ အကြီးမားဆုံး စိတ်လှုံ့ဆော်မှုက ကိုယ့်ကိုယ်ကို စဉ်ဆက်မပြတ် စိန်ခေါ်နေခြင်းပါပဲတဲ့။ ဘဝကို ရေရှည်တက္ကသိုလ်ပညာရေးတစ်ခုလို သဘောထားပြီး နေ့တိုင်း သင်ယူမှု လုပ်သွားသူ ၊ ကိုယ့်ကိုယ်ကို အဆင့်မြှင့်ဖို့ စိတ်ဝင်စားသူတွေသာ အောင်မြင်မှာ ဖြစ်ပါတယ်။

(၂) ကိုယ်တကယ်အလေးထားတဲ့အလုပ်ပဲ လုပ်ပါ

Photo: Freepik

ကိုယ်နှစ်နှစ်ကာကာ ယုံကြည်တဲ့ အလုပ်ကို လုပ်မှပဲ စိတ်ချမ်းသာလိမ့်မယ်လို့ စတိဗ်ဂျော့စ်က ဆိုဖူးပါတယ်။ အလုပ်လုပ်တယ်ဆိုတာ အချိန်တွေအကြာကြီး ကိုယ့်ကိုယ်ကိုယ် နှစ်မြှပ်ထားရတာမျိုး ဖြစ်ပါတယ်။ ကိုယ့်အတွက် အဓိပ္ပါယ်မရှိတဲ့ အလုပ်မှာ အချိန်ကုန်ခံခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ကျရှုံးအောင် စနစ်တကျ ပုံသွင်းနေသလို ဖြစ်တတ်ပါတယ်။

(၃) အမြင်ရှိပါ

Photo: Freepik

အနာဂါတ်ကို ယုံကြည်မှု ရှိရှိနဲ့ လှုပ်ရှားဆောင်ရွက်နေရင် အောင်မြင်ဖို့ အလားအလာများပါတယ်။ ကိုယ့်မှာ ခိုင်မာအားကောင်းတဲ့ အမြင်နဲ့ အစီအမံတစ်ခု ထားပြီး အဲ့အတိုင်း လိုက်နာနေရင် တစ်နေ့ အောင်မြင်မှု ရနိုင်ပါတယ်။ အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားရင် အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေ ရှာတွေ့ပါလိမ့်မယ်။

(၄) လူတော်လူကောင်းတွေနဲ့ ပေါင်းပါ

Photo: Freepik

ကိုယ်ပေါင်းတဲ့လူတွေက ကိုယ့်ကို ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ အကောင်းဆုံးက ကိုယ်သွားချင်တဲ့ လမ်းပေါ် ရော်ကနေတဲ့ အကောင်းဆုံးလူတွေနဲ့ ပေါင်းသင်းဖို့ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ ပေါင်းခြင်းဟာ ကိုယ့်ကို အသိအမြင်သစ်တွေနဲ့အခွင့်အလမ်းသစ်တွေ ရလာစေနိုင်ပါတယ်။

(၅) ဇွဲရှိပါ

Photo: Freepik

အောင်မြင်မှုဟာ နေ့ချင်းညချင်း ဖြစ်လာတဲ့ အရာမဟုတ်ပါဘူး။ အကြောက်တရားတွေ ၊ စွန့်စားမှုတွေ အများကြီးနဲ့ ထိတွေ့ပွတ်တိုက်ပြီးမှ ရလာတဲ့ အရာပါ။ အောင်မြင်မှုဆီ သွားတဲ့ ခရီးမှာ အလိုအပ်ဆုံး အရည်အသွေးတွေထဲက တစ်ခုက ဇွဲသတ္တိပဲ ဖြစ်ပါတယ်။ ဇွဲစိတ်သန်သန်နဲ့ စိုက်လိုက်မတ်တပ် ကြိုးစားသူဟာ တစ်နေ့မှာ အောင်မြင်မှု ရရှိမှာ အမှန်ပါပဲ။