ငှက်ပျောသီးကို အမျှင်ဓါတ်နဲ့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အဟာရမြင့် အသီးအနှံအဖြစ် အားလုံးပဲ သိကြပါတယ်။ လူအများစုကတော့ ငှက်ပျောသီးစားပြီဆိုရင် အပြင်က အခွံကို လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့ ငှက်ပျောသီးကို အလှအပရေးရာ ၊ သစ်ပင်ပန်းပင် စိုက်ပျိုးတာ ၊ အိမ်သန့်ရှင်းရေးလုပ်ဖို့နဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ဖို့တွေမှာ သုံးနိုင်ပါတယ်။

(၁) အလှအပရေးရာ

Photo: afroculture

မျက်နှာမှာ အရေးအကြောင်းတွေ လျော့ပါးပြီး အသားအရေ ဝင်းလာစေချင်ရင် ငှက်ပျောသီးခွံနဲ့ မျက်နှာ ပွတ်ပေးနိုင်ပါတယ်။ တကယ်လို့ မျက်အိတ်တွေ ကျနေတယ်ဆိုရင် မျက်လုံးပေါ်မှာ ငှက်ပျောခွံအုပ်ထားပေးနိုင်ပါတယ်။ နောက်တစ်ချက်က ငှက်ပျောခွံဟာ အသားအရေ အစိုဓါတ်လည်း ထိန်းပေးတဲ့ Moisturizer အဖြစ်လည်း သုံးလို့ ရပါတယ်။ ဝက်ခြံအမာရွတ်တွေ ရှိရင် ငှက်ပျော်ခွံနဲ့ ပွတ်ပေးမယ်ဆိုရင် အမာရွတ်တွေ ဖြည်းဖြည်းချင်း ပါးလျပျောက်ကွယ်သွားပါလိမ့်မယ်။ နောက် ငှက်ပျောခွံကို ဆံသားသန်စွမ်းကျန်းမာဖို့အတွက်လည်း သုံးလို့ ရပါတယ်။ ငှက်ပျောခွံသုံးပြီး Hair Mask လုပ်နိုင်ပါတယ်။ သွားတွေ ကျန်းမာဖြူဝင်းချင်တယ်ဆိုရင်လည်း ငှက်ပျောခွံနဲ့ သွားတွေကို တိုက်ကြည့်ဖို့ အကြံပြုချက်တွေ ရှိပါတယ်။

(၂) ရှေးဦးသူနာပြုပိုင်းမှာ

Photo: ShutterStock

ငှက်ပျောခွံမှာ မိုက်ခရိုဘက်တီးရီးယားဆန့်ကျင်ဓါတ်နဲ့ ယောင်ယမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ ဒါကြောင့် နေလောင်တာနဲ့ ပိုးပရွက်ကိုက်လို့ ယားယံတာမျိုးမှာ ငှက်ပျောခွံနဲ့ ဖိပေးထားလို့ ရပါတယ်။ ခေါင်းကိုက်နေပြီဆိုရင် အအေးခံထားတဲ့ ငှက်ပျောခွံကို နဖူးပေါ်တစ်ခု လည်ပင်းနောက်မှာ တစ်ခု ထားပေးရင် သက်သာသွားပါလိမ့်မယ်။ သံစလေးတွေ စူးနေရင် ငှက်ပျောခွံကို ၁၅ မိနစ် တင်ထားလိုက်ရင် နှုတ်ရ လွယ်သွားမှာပါ။

(၃) သန့်ရှင်းရေး

Photo: ShutterStock

ငှက်ပျောသီးစားပြီးရင် အခွံကို တန်းလွင့်မပစ်ပါနဲ့ ငှက်ပျောခွံနဲ့ လယ်သာရှုးစ်တွေ ပေါလစ်တင်လို့ရပါတယ်။ အိမ်ထဲမှာ စိုက်တဲ့ အပင်ရဲ့ အရွက်လေးတွေ နဲ့ ငွေထည်တွေ အရောင် တောက်လာအောင် ကူညီပေးနိုင်ပါတယ်။

(၄) စိုက်ပျိုးရေး

Photo: ShutterStock

သဘာဝအော်ဂဲနစ်ဥယျာဉ်ခြံလေးတစ်ခု ရှိရင် ငှက်ပျောခွံကို မြေဆီအဖြစ် ပြန်သုံးလို့ ရပါတယ်။ ဓါတ်မြေဩဇာလုပ်ဖို့ ရေနဲ့ ရောပြီး အပင်တွေ ကျွေးလို့ ရပါတယ်။ ငှက်ပျောနံ့နဲ့ လိပ်ပြာလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ ငှက်ပျောဟာ မီသိန်းဓါတ်ငွေ့ကို ထုတ်ပေးတာကြောင့် မြေဆီလုပ်ဖို့အတွက် တကယ့်ကို အဖိုးတန်တဲ့ အော်ဂဲနစ်မြေဩဇာလို့ ဆိုရမှာပါ။

(၅) စားစရာ

Photo: Cookist

အသားတွေ ငါးတွေ ချက်တော့မယ်ဆိုရင် ငှက်ပျောခွံထည့်ပြီး ပေါင်းလို့ ရပါတယ်။ ငှက်ပျောခွံဟာ အသားငါး ချက်ပြုတ်နေချိန်မှာ အစိုဓါတ်ထိန်းထားတာ ဖြစ်လို့ အသားကို ပိုနူးအိစေနိုင်ပါတယ်။ နောက်တစ်ချက်က ငှက်ပျောခွံကို စားလို့ ရပါတယ်။ ဒီအတိုင်း စားဖို့တော့ မလွယ်ဘူးပေါ့။ အရင်ဆုံး ငှက်ပျောခွံကို ရေထဲ ၁၀ မိနစ်လောက်ပြုတ်ပြီး ဖျော်စက်ထဲ ထည့်ပြီ Smoothies အဖြစ် သောက်နိုင်ပါတယ်။ တစ်ချို့လည်း ငှက်ပျောခွံကို ရေထဲပြုတ်ပြီး ရေနွေးလုပ်သောက်ကြပါတယ်။ ဒီနည်းနဲ့ ငှက်ပျောခွံကို အမှိုက်တောင်းထဲ ထည့်မယ့်အစား အသုံးချနိုင်ပါတယ်။