ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေတဲ့ အဓိကအချက်တွေထဲမှာ ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ သင့်ရဲ့ နေ့စဉ်ဘဝမှာပါ စိတ်လုံခြုံမှုမရှိတာမျိုး စိုးရိမ်စိတ်ဖြစ်စေတာမျိုး လူတွေနဲ့စကားပြောဆိုရမှာတွန့်ဆုတ်နေမိတာမျိုးတွေအထိ ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် ခံတွင်းအနံ့ဆိုးဖြစ်စေတာဟာ အစားအစာတွေ ခံတွင်းကျန်းမာရေးနှင့် တခြားသောအကြောင်းအရင်းများစွာရှိပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တချို့ကိုပြောပြပေးမှာဖြစ်ပါတယ်။

(၁) ဆေးလိပ်သောက်ခြင်း

Source : Manscipated

ဆေးလိပ် ၊ ဆေးရွှက်ကြီးထုတ်ကုန်ပစ္စည်းများ သုံးစွဲခြင်းဟာ ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်သောက်သုံးသူအများစုဟာ ခံတွင်းအနံ့ဆိုးထွက်ခြင်း ပြဿနာကိုရင်ဆိုင်ရလေ့ရှိပြီး ခံတွင်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်ခြေပိုများပါတယ်။

(၂) ခံတွင်းသန့်ရှင်းမှုမရှိခြင်း

Source : Medical News Today

လူတိုင်းလူတိုင်း မနက်တစ်ကြိမ်ညတစ်ကြိမ် သွားပုံမှန်တိုက်ပေးဖို့လိုအပ်ပါတယ်။ နေ့စဉ်ပုံမှန်သွားတိုက်ခြင်းမရှိရင် စားလိုက်တဲ့ အစာအကြွင်းအကျန်တွေကနေ တဆင့် ဘက်တီးရီးယားပိုးတွေပေါက်ဖွားလာပြီး အနံ့ဆိုးများကိုထွက်ပေါ်စေနိုင်ပါတယ်။ သွားတိုက်တဲ့အခါ လျာကိုလည်း တိုက်ပေးဖို့လိုအပ်ပါတယ်။အကောင်းဆုံးကတော့ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

(၃) အနံ့ဆိုးထွက်စေတဲ့အစားအစာများစားခြင်း

Source : MDLinx

အစားအစာတွေကလည်း သင့်ရဲ့ခံတွင်းကျန်းမာရေးကို များစွာသက်ရောက်ရှိစေပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ဟင်းခက်အမွေးအကြိုင်တွေကဲ့လိုအစားအစာတွေဟာ ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ဆိုးဆိုးရွားရွားဖြစ်စေနိုင်ပါတယ်။ အဆိုပါအစားအစာတွေကိုစားသုံးတဲ့အခါ အစာချေဖျက်ပြီးနောက် သွေးကြောထဲကနေတဆင့် အဆုတ်ကိုပို့ဆောင်ပေးတာကြောင့် ခံတွင်းအနံ့ဆိုးတွေကိုဖြစ်ပေါ်စေလာတာဖြစ်ပါတယ်။

(၄) ခံတွင်းခြောက်သွေ့ခြင်း

Source : Decisions in Dentistry

တံတွေးဂလင်းတွေဟာ ခံတွင်းကိုသန့်စင်ပေးပြီး အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီရီးယားတွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ Xerostomia လို့ခေါ်တဲ့ ခံတွင်းခြောက်သွေ့ခြင်းရောဂါဟာ တံတွေးဂလင်းထုတ်လုပ်မှုလျော့နည်းသွားပြီး အနံ့ဆိုးတွေကိုထွက်လာစေပါတယ်။ တချို့သောဆေးဝါးတွေဟာလည်း ခံတွင်းခြောက်သွေ့ကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာအကောင်းဆုံးပါ။

(၅) သွားနှင့်ခံတွင်းဆိုင်ရာရောဂါများ

Source : Vista Dentistry

သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ သွားပိုးစားခြင်း သွားကျောက်တည်ခြင်း သွားဖုံးဆိုင်ရာရောဂါတွေ နှင့် သွားနှုတ်ခြင်းကဲ့သို့ အသေးစားခွဲစိတ်မှုများပြုလုပ်ပြီးနောက် သေချာဂရုတစိုက်နဲ့ သန့်ရှင်းအောင်မထားတဲ့အခါ ပိုးဝင်ပြီးအနံ့ဆိုးတွေထွက်လာစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ၆ လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြသဖို့အကြံပြုချင်ပါတယ်။